Spread the love

ရန်ကုန်၊မေ(၁၆)

သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့အတွက် ဖြစ်လာတဲ့အချိန်မှာ ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ပြီး သဘာဝဘေးဒဏ်တွေ ခံနိုင်တဲ့ လေကာပင်နဲ့ အုန်းပင်တွေ ပိုပြီးစိုက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။

မနေ့(မေ၁၅)ရက်နေ့မှာ မိုခါ မုန်တိုင်း ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ကြည့်တဲ့အချိန်မှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မုန်တိုင်းမဝင်ရောက်ခင် ၅ ရက်လောက်ကတည်းက မုန်တိုင်း ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်၊ အခုအခါ မိမိအနေနဲ့ ပျက်စီးဆုံးရှုးခဲ့ရတာတွေကို လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ လာရောက် ကြည့်ရှုရတာ ဖြစ်ပါတယ်၊ အခုလိုသဘာဝ ဘေးအန္တရာယ်မှာ တွေ့ကြုံခဲ့ရတာတွေကို သင်ခန်းစာယူပြီး သဘာဝဘေးဒဏ်ခံနိုင်တဲ့ လေကာပင်တွေနဲ့ အုန်းပင်တွေကို တိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်” လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း အရင်က အခြေအနေတွေထက် ပိုကောင်းအောင် ဆောင်ရွက်သွားမယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ကူညီဖို့အတွက် စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ ကို လက်ခံရရှိထားပြီး ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ ကို ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီ က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *