Spread the love

ရန်ကုန်၊မေ(၁၈)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေချိန် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူနေပေမယ့် အရှုံးနဲ့သာ ရင်ဆိုင်နေရတယ်လို့ Cobra တပ်ဖွဲ့က အသိပေးထားပါတယ်။

အခုလမေ(၁၁)ရက်နေ့မှာ မြဝတီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး မနေ့က(မေ၁၇)ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ဖိအားပေး ပစ်ခတ်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်၊ Golden Eagle နဲ့ Federal Wings တို့ လုံခြုံရေးယူထားတဲ့ နယ်မြေကို စစ်ကြောင်းထိုးတက်လာရာကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မေလ(၁၄)ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၂)ယောက်သေ၊ (၁၀)ယောက်ဒဏ်ရာရရှိခဲ့သလို မေ(၁၅)ရက်နေ့ ကျောက်မိုင်းဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က(၁)ယောက်သေပြီး (၂)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ Cobra တပ်ဖွဲ့က အသိပေးထားပါတယ်။

လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း Cobra က ထုတ်ပြန်ထားပြီး Cobra စစ်ကြောင်းမှူး ဗိုလ်စောကော် ကလည်း ” မြွေဟောက်တွေမြင်ပြီး အကုန်ထားပြေးသွားပြီ။ ဘာပဲဖြစ်ဖြစ် အရောက်လာပို့ပေးတာ ကျေးဇူးတင်ရမယ်” လို့ ပြောဆိုထားတာကို ရုပ်သံမှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *