ရန်ကုန်၊ ဇွန် (၄)
မြန်မာနိုင်ငံက သတင်းသမားတွေကို ခြိမ်းခြောက်၊ နှောင့်ယှက်တာနဲ့ တိုက်ခိုက်တာတွေကို အပြည့်အဝ တားဆီး ကာကွယ်နိုင်ဖို့အတွက် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
IMJA အနေနဲ့ “အန္တရာယ်ကျရောက်နေသော သို့မဟုတ် ပစ်မှတ်ထားခံရသော သတင်းသမားများအတွက် ပံ့ပိုးမှုများနှင့် ဥပဒေဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထား” တယ်လို့ သူတို့က ပြောပါတယ်။
မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ကို ၂၀၂၃ခုနှစ်၊ မေလ (၁) ရက်နေ့က တရားဝင်စတင် တည်ထောင်လိုက်ပြီ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
“မီဒီယာဥပဒေကို ပြဌာန်းရန်၊ ကျင့်ဝတ်နှင့် တာဝန်သိသော သတင်းစာပညာကို ပံ့ပိုးပေးသည့် စာနယ်ဇင်းကောင်စီ သို့မဟုတ် သတင်းစာဆရာကောင်စီကို ထူထောင်ရန်အတွက် တွန်းအားပေးသွား” မှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
မြန်မာသတင်းစာဆရာများ အစည်းအရုံးမှာ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ကာကွယ်ဖို့ ကတိပြုထားတဲ့ သတင်းသမားတွေ၊ မီဒီယာအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမား စုစုပေါင်း ၁၅၆ ယောက်ရှိပြီး အဲ့ဒီထဲက ၁၀၅ ယောက်ဟာ ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် ၄၅ ယောက်ကတော့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
သတင်းသမားတွေ ဖမ်းဆီးခံရတာ အများဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆင့်မှာ ရှိတယ်လို့ နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် -IFJ က မေလ(၈)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။