Spread the love

ရန်ကုန်၊ဇွန်(၈)

ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ် နဲ့ လယ်ဒိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ(၅)ခုကို ဇွန်(၆)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်ထဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အယောက်(၄၀)သေပြီး (၁၂)ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို ဆီက သိရပါတယ်။

KNLA တပ်မဟာ (၃) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေက ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်က ရဲနဲ့ ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းက တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) ၊ ဘုံသတောစခန်း တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီအဖွဲ့ဟာ မနက် (၆း၂၀) မိနစ်မှာ ဂျက်ဖိုက်တာနဲ့ (၃)ကြိမ်၊ မနက် (၆း၄၀) မိနစ်မှာ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့ (၆) ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ် လုပ်ခဲ့သလို စစ်တောင်းမြစ် အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေ အတွင်းကို ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ KNU ဗဟိုက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ နတ်သံကွင်းတံတား နဲ့ နတ်သံကွင်းမြို့မရဲစခန်း အတွင်းမှာ စစ်ကောင်စီတပ်တွေက ပြန်လည်တပ်စွဲထားပြီး ဖြစ်သလို တံတား နဲ့ ရဲစခန်းအနီးက နတ်သံကွင်း (၂)၊ (၃)၊ (၆) ရပ်ကွက်အတွင်းက ဒေသခံပြည်သူတွေကိုလည်း အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းထားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က တပ်သားစုစုပေါင်း အယောက်(၄၀) သေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို G3- ၁လက်၊ MA1-၁လက်၊ MA3-၁လက်၊ MA4-၁လက်၊ MAကျည်တောက်-၁၀ခု၊ MAကျည်-၃၈၄တောင့်၊ M16ကျည်ဘောက်-၁ခု၊ စကစယူနီဖောင်း-၆စုံ၊ M14မိုင်း-၆၀လုံး၊ ကျောပိုးအိတ်-၆လုံး၊ 79ကျည်-၁လုံး၊ မိုင်းရှာစက်-၂စုံ၊ ယမ်းကူး-၁၅ခုနဲ့ ပိုက်ဆံ-၄၈၀၀၀ကျပ် ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *