Spread the love

ရန်ကုန်၊ ဇွန် (၂၇)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် စောလျင်စွာချုပ်ငြိမ်းပြီး ဒီမိုကရေစီအမြန်ဆုံး ပြန်လည်ထွန်းကားဖို့နဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကတဆင့် ပြည်သူ့အာဏာ ပြည်သူ့ဆီ လျင်မြန်စွာ ပြန်လည်ရရှိဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“မိမိတို့၏ ပြည်သူများသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကိုသာမက ကျားမတန်းတူညီမျှမှုနှင့် သံတမန်ရေးရာကဏ္ဍအပါအဝင် အခြားနယ်ပယ်အသီးသီးတွင်လည်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်နိုင်ရန် လိုလား” တယ်လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဇွန် (၂၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ “International Day of Women in Diplomacy” အထိမ်းအမှတ်နေ့မှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အရင် NLD အစိုးရ လက်ထက်မှာ ရရှိခဲ့တဲ့ ဖြစ်ပေါ်တိုးတက်တွေဟာ အခုအခြေအနေမှာ ပြောင်းပြန်အနေအထားကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

“ယင်းအခြေအနေအရ နယ်ပယ်အသီးသီးတွင် စွမ်းဆောင်ရည် အပြည့်အဝဖြင့် ပါဝင်ဆောင်ရွက်လျက် ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ မတရားဖမ်းဆီးထိန်းချုပ်ခံထားရကြောင်း၊ ၎င်းတို့၏ အခြေခံအခွင့်အရေးများမှာ စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံရ” နေရတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ (၁၈) နဲ့ (၁၉) ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအနေနဲ့ မီဒီယာတချို့က တစ်ဖက်သတ်ပုံဖျက်နိုင်ဖို့ သတင်းမှန်တွေကို ပိတ်ထားတဲ့ ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းနေရပြီး ဖြစ်ပေါ်တိုးတက်မှု သတင်းမှန်တွေကို ပိတ်ဆို့ခံထားရပြီး၊ တစ်ဖက်သတ် သတင်းမှားတွေ ကမ္ဘာအနှံ့ပျံ့နှံ့နေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *