Spread the love

ရန်ကုန်၊ ဇူလိုင် (၃)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တစ်ရက်ထဲ နှစ်ကြိမ်တိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊တပ်ရင်း(၂) က သိရပါတယ်။

မနေ့ “နံနက် ၈ နာရီခန့်က ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ သိန္ဓောရွာ ဘက်သို့ ဦးတည် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ခြုံခို တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ဆက်လက်ထွက်ခွာလာသော စစ်ကြောင်းကို မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ဘိန်းကျေးရွာ အရောက် ထပ်မံ တိုက်ခိုက်ခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သကျက်ကျေးရွာအုပ်စုအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ စာရင်းကို မသိရသေးပါဘူး။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ လမ်းမတွေပေါ်မှာ ညအချိန်သွားလာတာကို တားမြစ်ထားပြီး လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် (၁) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *