Spread the love

ရန်ကုန်၊ ဇူလိုင် (၄)

စစ်ကောင်စီကို နိုင်ငံခြားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတဲ့ ကဏ္ဍစုံကနေ ဖိအားပေးနိုင်ဖို့ ကြိုးစားနေကြတာဖြစ်လို့ မကြာတော့ခင် အချိန်ကာလမှာ ဒီအကြမ်းဖက် စစ်ကောင်စီဟာ အပြီးတိုင် ပြိုလဲသွားတော့မယ်ဆိုတာကို အပြည့်အဝ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်း က ပြောပါတယ်။

“သမိုင်းမှာ မကြုံစဖူး တိုင်းရင်းသားများ အားလုံး စုစည်းပါဝင်မှုနဲ့ ၂ နှစ်ကျော် ကာလအထိ အခက်အခဲတွေကြားက ဇွဲသန်သန်နဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထု ပါဝင်မှုတွေဟာ တကယ်ကို စံချိန်တင် မှတ်ကျောက်တင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ သတ္တိနဲ့ ဇွဲကလည်း မှတ်ကျောက်တင်ရမှာ ဖြစ်သလို တစ်ဖက်က ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်မှုတွေကလည်း အလွန်ဆိုးဝါးလွန်းတာကို မှတ်တမ်းတင်ရမှာပဲ ဖြစ်” တယ်လို့ သူက ပြောကြားလိုက်ပါတယ်။

ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အောင်မြင်တဲ့ အဆုံးသတ်တိုက်ပွဲတစ်ခုကို ဆင်နွှဲနိုင်ဖို့ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဆက်လက် ချီတက်နိုင်မှသာ ပန်းတိုင်ကို အမြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီလို အချိန်ကာလမှာ အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ လှုံ့ဆော်တဲ့ အရာတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး အချင်းချင်း ယုံကြည်မှုတွေနဲ့ ခိုင်ခိုင်မာမာ ဆက်လက် လက်တွဲ ထားနိုင်ကြဖို့ကတော့ အရေးအကြီးဆုံးပဲ ဖြစ်” တယ်လို့ သူက ပြောပါတယ်။

အမေရိကန်သံရုံးရဲ့ ယာယီတာဝန်ခံ ဒက်ဘ်လင်း က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆန္ဒကို ထင်ဟပ်စေတဲ့ အနာဂါတ်တစ်ခုအတွက် ကြိုးစားအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို ထောက်ခံအားပေးတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

“မြန်မာပြည်သူတွေကိုလည်း မိမိတို့ အသိမှတ်ပြုပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအပေါ် မြန်မာပြည်သူတွေဟာ ကြီးမားတဲ့ ရဲစွမ်းသတ္တိ၊ ယိမ်းယိုင်မှုမရှိတဲ့ သံန္နိဋ္ဌာန်၊ ဒီမိုကရေစီစနစ်ရဲ့ စွမ်းအားအပေါ် မပြောင်းလဲတဲ့ ယုံကြည်မှုတွေနဲ့ တုန့်ပြန်ခဲ့ကြ” တာကိုတွေ့ရတယ်လို့ သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *