Spread the love

ရန်ကုန်၊ ဇူလိုင် (၁၄)

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်က ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေကို နေ့စဉ်လုံခြုံရေးအရ စစ်ဆေး၊ မေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ဆီက သိရပါတယ်။

“အခုလို ဆောင်ရွက်လျက်ရှိရာ မနေ့ (ဇူလိုင်လ ၁၃ ရက်) မနက် ၉ နာရီ ၄၁ ကနေ ၁၁ နာရီအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူစစ်ဆေးတာတွေကို ဆောင်ရွက်ခဲ့ပြီး ခရီးသွားပြည်သူတွေဘက်ကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။” လို့ သူတို့က ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့ကစတင်ကာ မနေ့ကအထိ ပြည်ထောင်စုလမ်းပေါ်က ဖြတ်သန်းသွားလာနေကြတဲ့ ကားတွေကို နေ့စဉ်လုံခြုံရေးအရ စစ်ဆေး၊ မေးမြန်းတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ အရပ်သားကားနဲ့ ခရီးသည်တင်ကားတွေကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေအပါအဝင် စစ်အင်အားတိုးချဲ့တာတွေ ဆောင်ရွက်နေတဲ့အတွက် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုး မပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုး မပြုလုပ်ကြဖို့နဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေအနေနဲ့လည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာ အစစ်ဆေးခံဖို့ ထပ်မံတိုက်တွန်းအပ်ပါတယ်။” လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *