Spread the love

ရန်ကုန်၊ ဇူလိုင် (၁၄)

ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ စစ်လက်နက်ထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁.၉) သန်း ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။

NUG လက်အောက်ခံ PDF တွေကို တပ်ရင်းထောက်ပံ့စားရိတ်အဖြစ် ၇၁.၄၂ ရာခိုင်နှုန်းအထိလည်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“MOD က ကဒ်နံပါတ်ကျပြီးသား တပ်ရင်းတစ်ရင်းကို အသုံးစရိတ်အဖြစ် သိန်း (၈၀) ပေးတယ်။ ကျွန်တော်တို့က တပ်ရင်းနှစ်ရင်းဆိုတော့ သိန်း (၁၆၀) ရပါတယ်။ လစဉ်လတိုင်းရတာတော့ မဟုတ်ဘူး။ MOD က သတ်မှတ်ထားတဲ့ အကြိမ်ရေနဲ့ ပေးတာဆိုတော့ ကျွန်တော်တို့ (၃) ကြိမ်၊ (၄) ကြိမ်လောက်တော့ ရပြီးပါပြီ။ နောက်ပြီး သေနတ် (၅) လက်ပေးထားတာရှိတယ်။ ကျွန်တော်တို့ဘက်က တင်ပြရင် တင်ပြသလို ထုတ်လုပ်ရေးစရိတ်တွေ ချပေးတာတွေရှိပါတယ်။ ထုတ်လုပ်ရေးစရိတ်ပေးတာက နှစ်ကြိမ်တော့ရပြီးပါပြီ ပထမတစ်ကြိမ်က သိန်း (၁၀၀) ရပါတယ်။ ဒုတိယတစ်ကြိမ်က သိန်း (၃၀၀) ရပါတယ်။ ထုတ်လုပ်ရေးနဲ့ စစ်ဆင်ရေးဌာနက ပေးတာပါ။ အဲ့လိုမျိုးတော့ရတာရှိပါတယ်။” ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ က တပ်ရေးအရာရှိ ကိုဥက္ကာ က C8 News ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ (၁၇) လတာကာလအတွင်း NUG လက်အောက်ခံ PDF တပ်ရင်းတွေကို အမေရိကန်ဒေါ်လာ စုစုပေါင်း (၉.၀၃) သန်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်တစ်ခုဖြစ်တဲ့ PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစုအစီအစဉ်တွေကရရှိခဲ့တဲ့ ​ငွေကြေးတွေနဲ့ PDF တပ်တွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *