Spread the love

ရန်ကုန်၊ ဇူလိုင် (၁၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီအဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇူလိုင်လ (၁၂) ရက်နေ့ တစ်ရက်ထဲ တိုက်ပွဲ(၃) ကြိမ်ဖြစ်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ Justice Soldier PDF က ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က ဒရုန်းမှာ လက်နက်တွေတပ်ဆင်ပြီး ဇူလိုင်လ (၁၂) ရက် မနက်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပြန်ဆုတ်သွားသော ရန်သူစစ်ကြောင်းနှင့် ဗောဓိကုန်းလက်နက်ကြီးကုန်းအား နေ့လည် ၁ နာရီခန့်တွင် ဗိုလ်ပွဲတော်ဦးဆောင်၍ ၆၀မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဘားအံအမြှောက်တပ်မှ ပြောင်းရွှေ့တာဝန်ကျလာသော တပ်ကြပ်ကြီးဝင်းလှိုင် နှင့် တပ်သားမြတ်လေး တို့အား ငရဲသို့ပို့ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် (၃)ဦးအား ဘားအံဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများမှ အထိအခိုက်မရှိခဲ့ဘဲ drone ပစ္စည်းအချို့ ပျက်စီးမှုရှိခဲ့ပါ” တယ်လို့ သူတို့က ပြောပါတယ်။

တောင်ကြာအင်းရဲစခန်းနဲ့ အ.ထ.ကကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဇူလိုင် (၁၂) ရက်ညက ၆၀မမ၊ ၄၀မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပါသဖြင့် စစ်ကောင်စီအဖွဲ့ တပ်စွဲထားရာနေရာများ၊ စခန်းများ၊ ၄င်းတို့နှင့် ပတ်သက်ရာနေရာများနှင့် အနည်းဆုံး မီတာ ၃၀၀ အကွာတွင် နေထိုင်ကြပါ” ဖို့ Justice Soldier PDF က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *