ရန်ကုန်၊ ဇူလိုင် (၁၄)
အာဏာသိမ်းစစ်တပ်က ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
“လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့် နေရာဒေသများတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အလေးထားအာရုံစိုက် သင့်ပြီး စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရေး တောင်းဆိုရန်” လိုအပ်တယ်လို့ သူက ပြောပါတယ်။
နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး : ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” ခေါင်းစဉ်နဲ့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားမှု မြင့်မားလာသလို အရပ်သားပြည်သူတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို သိသိသာသာ ရင်ဆိုင်ကြုံတွေ့လာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။
“တရားမဝင် အာဏာသိမ်းစစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်တွင်ရှိသော လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေး နည်းဗျူဟာ၊ နိုင်ငံရေးဖိနှိပ်မှု၊ ခြိမ်းခြောက်မှုနှင့် လက်တုံ့ပြန်ခြင်းတို့အဖြစ် စနစ်တကျ အသုံးချ” နေတာကို တွေမြင်နေရတယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအကြံပေးပုဂ္ဂိုလ် မဟာမင်းကြီး Mr.Tom Andrews က အာဏာသိမ်း စစ်ကောင်စီကို ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ ၅၃ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။