Spread the love

ရန်ကုန်၊ ဇူလိုင် (၁၉)

မြန်မာတစ်နိုင်ငံလုံးဟာ စစ်ရေးသတိမပြတ်ရှိနေရတဲ့ အခြေအနေမှာ ဖြစ်နေလို့ နေ့တိုင်း၊ အချိန်တိုင်း စစ်ရေးအရ အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောကြားခဲ့ပါတယ်။

“နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် လူထုထဲမှာ ထုလိုက်ထည်လိုက် အင်အားရှိတဲ့ အလုပ်သမား အင်အားစုရဲ့ အရေးပါမှုကို လျော့တွက်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးအပေါ် လူထု / လူတန်းစားအားလုံး ပါဝင်ပေါင်းစည်းနိုင်ရေးကို ရှေ့ရှုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို လူထုအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာ” ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တတ်နိုင်တာတွေ ရှိသလို၊ မတတ်နိုင်တာတွေလည်း ရှိနေပါတယ်။ မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီဖို့ အသင့်အနေအထားမှာ ရှိနေရမယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီက ဦးစားပေး ဖြိုခွင်းနိုင်မယ့် နယ်မြေဧရိယာတွေမှာ စစ်ရေးပြင်ဆင်မှုတွေကို အချိန်နဲ့အမျှ တိုးတက်ကောင်းမွန်အောင် လုပ်နေဖို့ ဝိုင်းဝန်းကြိုးစားပေးကြပါလို့” သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *