Spread the love

“အာဏာမသိမ်းခင်က လေ့ကျင့်ပဲ လေ့ကျင့်ရတာ။ အမြဲတမ်းအသင့် ပုံစံမျိုးပေါ့။ အာဏာသိမ်းပြီးတော့ တကယ်ကို ကင်းစောင့်ရတာ။ တကယ်ကို လုံခြုံရေး ယူပေးရတာ” လို့ CDM ဒုတပ်ကြပ်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ချိုချိုမြင့် ကပြောပါတယ်။

စစ်တပ်ဟာ အရာရှိ၊ စစ်သည်အားလုံးရဲ့ ဇနီးသည်တွေနဲ့ မိသားစုတွေကို အရံအင်အားလို သတ်မှတ်တဲ့အတွက် ဇနီးသည်တွေကို ရဲမေလို့ ခေါ်ဝေါ်သုံးစွဲတာဖြစ်ပြီး လစာအနေနဲ့လည်း စစ်သည်တစ်ဦးထဲကသာ အကျိုးခံစားခွင့်ကို ရရှိတာပါ။

ဒေါ်ချိုချိုမြင့် ဟာ ခင်ပွန်းဖြစ်သူ CDM ဒုတပ်ကြပ်ရဲ့ တပ်မိသားစု လိုင်းခန်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုကျော်ထဲက နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းဖြစ်စဉ်ကို လက်မခံတဲ့ ဝန်ထမ်းတွေဟာ Civil Disovedience Movement “အာဏာဖီဆန်ရေးလှုပ်ရှားမှု” ကို ပြုလုပ်နေကြတာပါ။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေဟာ ဝါဒဖြန့်နည်းလမ်းတွေကို ပြုလုပ်တဲ့အခါ တပ်တွင်းက အရာရှိ၊ စစ်သည်တွေကိုသာမက သူတို့ကို မှီခိုနေတဲ့ ဇနီးသည်တွေနဲ့ မိသားစုတွေကိုပါ ဝါဒဖြန့်နည်းလမ်းတွေမှာ ထည့်သွင်းအသုံးပြုလုပ်လာတာပါ။

တပ်တွင်းက အမှန်တကယ် စစ်သည်အရေအတွက်
“အာဏာသိမ်းပြီးတော့ တကယ်ကို လုံခြုံရေးယူ၊ ကင်းစောင့်ရတာ ဘာဖြစ်လို့လည်းဆိုတော့ နောက်တန်းမှာ စစ်သည်အင်အားက မရှိတော့ဘူးလေ။ ကျန်ခဲ့တာက အိုနာကျိုးကန်းတွေကြီးပဲ ကျန်ခဲ့တာလေ။ တကယ့် တကယ်ကောင်းတဲ့လူတွေကျတော့ စစ်ဆင်ရေးထည့်လိုက်တယ်လေ။ ကိုယ်တိုင်လည်း ကင်းသွားစောင့်ခဲ့ရတယ်။” လို့ CDM ဒုတပ်ကြပ်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ချိုချိုမြင့် ကပြောပါတယ်။

ဒေါ်ချိုချိုမြင့်ဟာ တပ်တွင်းမှာ နေထိုင်ချိန်က ခင်ပွန်းဖြစ်သူရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ အမှတ် (၉၀၄) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှာ နေခဲ့တာ ဖြစ်ပါတယ်။

အရင်က မြန်မာ့တပ်မတော်မှာ စစ်သည်အင်အား (၃) သိန်းကနေ (၄) သိန်းရှိလို့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၂) ဖြစ်တယ်လို့ Global Firepower (GFP) ကထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီတပ်မှာ စစ်သည်အင်အား ထက်ဝက်နီးပါးသာ ကျန်ရှိနိုင်တော့တယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာ့တပ်မတော်ဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၃၈) ဖြစ်တယ်လို Global Firepower (GFP) ရဲ့ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

စစ်ခေါင်းဆောင်တွေက တပ်တွင်းမှာ စစ်သည်အင်အား အလုံအလောက်ရှိတယ်လို့ မကြာခဏဆိုသလို ဝါဒဖြန့် ပြောဆိုနေပေမယ့် လက်ရှိ မြေပြင်မှာ စစ်သည်အင်အား အမှန်တကယ် လုံလောက်မှု မရှိပါဘူး။

“အာဏာသိမ်းပြီးတော့ တပ်ထဲမှာ ကင်းစောင့်ရတယ်။ နောက်ချန်စစ်သည်ကလည်း နည်းတယ်။ တပ်ထဲက ရဲမေ(ဇနီးသည်)တွေကို စစ်သင်တန်းပေးတယ်။ သေနတ်အဖြုတ်၊ အတတ်၊ ကျည်ထုတ်၊ ကျည်သွင်း သင်ပေးတယ်။ သေနတ်ပေးထားတယ် ကင်းစောင့်ရတယ်။ တစ်နေ့ကို ည (၆) ကနေ မနက် (၆) အထိ အလှည့်ကျ ကင်းစောင့်ရတယ်။” လို့ CDM စစ်သားတစ်ယောက်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ကြည်ပြာဝင်း ကပြောပါတယ်။

ဒေါ်ကြည်ပြာဝင်း ဟာ လွန်ခဲ့တဲ့ (၅) နှစ်ကျော်ထဲက ခင်ပွန်းဖြစ်သူ စစ်သားရဲ့ တပ်မိသားစု လိုင်းခန်းမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်သည်တွေရဲ့ မိသားစုတွေကို ဘယ်လိုထိန်းချုပ်ထားလဲ
“ဝါဒမှိုင်းက တစ်အားတိုက်ထားတာ။ နိုင်ငံတကာသတင်းမပြောနဲ့ မြန်မာပြည်မှာရှိတဲ့ သတင်းတောင် ကြည့်မရဘူး။ မြ၀တီ၊ မြန်မာ့အသံက သတင်းတွေကိုပဲ နားထောင်ခိုင်းတာ။ အရင်က Signal၊ Telegram ဆိုတာ မကြားဖူးခဲ့ဘူး။ Viber, Facebook, Messenger အဲ့သုံးခု၊ သုံးတာကို ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေတာ။” လို့ CDM ဒုတပ်ကြပ်အောင်အောင် ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် “ရဲဝံ့စွန့်စားပြည်ချစ်သား ” အယ်ပလီကေးရှင်း နဲ့ ဝက်ဆိုက်ဒ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“စစ်သည်အဆင့်အတန်း မိသားစုအားလုံးကို သူတို့ဖုန်းထဲမှာ ထည့်ခိုင်းထားပြီးတော့ အဲ့ app ကို မကြည့်မနေရ လုပ်ထားတယ်။ မြေပြင်မှာ ဖြစ်တဲ့ ဘယ်တိုက်ပွဲကမှားတယ်။ သူတို့ပြောတဲ့ဟာပဲ အမှန်။ ဒီဘက်က အဖွဲ့တွေက ဘယ်လိုသတင်းမှားတွေ ဖြန့်တယ်ဆိုပြီးသူတို့က ဝါဒဖြန့်တာ။ အဲ့ဒါကို like လုပ်တာ share လုပ်တာတို့ကို တပ်တစ်တပ်ကို အရာရှိတစ်ယောက်ထားပြီးတော့ အဲ့အရာရှိတစ်ယောက်က ဦးစီးပြီးတော့ အဲ့ဒါတွေ အကုန်လုံးကို စစ်ရတယ်။ တစ်ရက် like မလုပ်ဘူး သတိပေးတယ်။ နှစ်ရက် like မလုပ်ဘူး သတိပေးတယ်။ နှစ်ခါ သုံးခါဆို ရုံးတင်တယ်။ အပြစ်ပေးတယ် အရေးယူတယ်။ အဲ့လောက်ထိ လုပ်လာတာပါ။ ” လို့ CDM ဗိုလ်ကြီးထက်မြတ် ကပြောပါတယ်။

CDM ဗိုလ်ကြီးထက်မြတ် ဟာ အရင်က အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဗဟိုမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဒုတပ်ကြပ်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ချိုချိုမြင့် က “အိမ်မှာ PSI ရှိပေမယ့် မြ၀တီနဲ့ မြန်မာ့အသံပဲ ကြည့်လို့ရတယ်။ ကျန်တဲ့လိုင်းကို ကြည့်လို့မရဘူး။ တခြားလိုင်းတွေကို ကြည့်ရင် စောက်ရူးတွေဆိုပြီး ပြောတာ။ သတင်းအမှန်ကို သိချင်ရင် မြ၀တီကိုပဲ ကြည့်ဆိုပြီးပြောတာ။ တခြားချန်နယ်က သတင်းအမှန်တွေ တင်တာဆိုပြီးပြောလို့ ရုံးက ကြားသွားရင် ပါးရိုက်ခံရတယ်။” လို့ တပ်တွင်းအခြေအနေတွေကို ပြောြပပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က “ဒီလို အချိန်ကာလမှာ အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ လှုံ့ဆော်တဲ့ အရာတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး အချင်းချင်း ယုံကြည်မှုတွေနဲ့ ခိုင်ခိုင်မာမာ ဆက်လက်လက်တွဲ ထားနိုင်ကြဖို့ကတော့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။” လို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အရာရှိစစ်သည်၊ ရဲမေ(ဇနီးသည်)တွေနဲ့ မိသားစုတွေ အသုံးပြုတဲ့ facebook “အကောင့်တွေ ပေးရမယ်ဆိုပြီး တပ်ထဲမှာ လိုက်အော်တာ။ မိသားစုတွေရဲ့ အကောင့်နာမည်တွေကို ပြောရတာ။ facebook အကောင့်တွေက ယူထားတဲ့အခါကြတော့ အနီ(NLD)တွေ မဲနိုင်သွားတယ်ဆိုလည်း ဆိုရော အနီအလံလေးတောင် share လို့ မရဘူး။ NLD နဲ့ ပတ်သက်တာ ဘာမှ share လို့မရဘူး။ share ရင် ရုံးတင်မယ်ဆိုပြီးပြောတော့ share ရဲဘူး။ အနီတွေကိုလည်း မအပ်ရဲဘူးပေါ့။ friend အပ်တာ like၊ share၊ comment ပေးရင် ရုံးကို ခေါ်မယ်ဆိုပြီးပြောတာ။ ပြောတော့ ဘယ်သူမှ မ share ရဲဘူး။ အပြင်က ဆရာကြီးရဲ့ သမီး အနီနဲ့ ပတ်သက်တဲ့ဟာကို share လိုက်လို့ ရုံးခေါ်ပြီး စစ်ဆေးခံရတာမျိုးတွေရှိတယ်။ facebook အကောင့်ကို အနီတွေ နိုင်သွားမှ အခုလိုမျိုး အဲ့ဒါကို ကန့်ကွက်လိုက်တာ။” CDM စစ်သားတစ်ယောက်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ကြည်ပြာဝင်း ကပြောပါတယ်။

ဒေါ်ကြည်ပြာဝင်း ရဲ့ ခင်ပွန်းဖြစ်သူဟာ စစ်သားကိုဟိန်းစိုး ဟာ စစ်ကောင်စီလက်အောက်ခံ ခမရ (၂) တပ်ကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက CDM ပြုလုပ်ခဲ့တာပါ။

ဒုတပ်ကြပ်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ချိုချိုမြင့် က “အခုခေတ်မှာ facebook မသုံးဘူးဆိုတာ အလကား ဆိုပြီးပြောတာရုံးက။ ကိုယ်သုံးတဲ့အကောင့်ဆို ရုံးကိုသွားအပ်ထားရတယ်။ ဒါအိမ်တိုင်းအပ်ထားတာ။ သူတို့က အကောင့်တွေကို ယူထားတဲ့အတွက် အကောင့်နာမည်ရော Password ရော ပေးထားရတာ။ တစ်ကောင့်ထဲသုံးတာ သေချာလား မိရင် မင်းမလွယ်ဘူးနော်ဆိုပြီး ပြောတာ။ ဘာပဲ သုံးသုံး သူတို့ဆီမှာ ပေါ်တယ်။ လိုင်းသုံးရင်တောင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့လိုင်းတွေ သုံးလို့မရဘူး။ တပ်ထဲက ကောင်လေးတစ်ယောက် ဒေါ်စုကို ထောက်ခံလိုက်တာ ဒလန်ဆိုပြီးတော့ ထောင်သုံးနှစ်ချလိုက်တယ်။” လို့ တပ်တွင်းက အခြေအနေတွေကို ရှင်းပြပါတယ်။

ဝါဒဖြန့်မှုမှာ စစ်သည်တွေရဲ့ မိသားစုတွေကို ဘယ်လိုအသုံးချလဲ
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲတစ်ခုမှာ အရပ်ဝတ်တွေ ဝတ်ဆင်ပြီး ကိုယ်တိုင်ပါဝင်ခဲ့ရတယ်လို့ CDM ဒုတပ်ကြပ်အောင်အောင် ကပြောပါတယ်။

“ပြင်ဦးလွင်မှာ တပ်မတော်ထောက်ခံပွဲအတွက် လူတွေလိုက်ခေါ်တယ်။ တစ်ယောက် သုံးထောင်ပေးတယ်။ အရပ်သားတွေက မလိုက်ဘူး။ အဲ့တော့ ပြင်ဦးလွင်ထဲက တပ်နဲ့ သင်တန်းကျောင်းက စစ်သည်တွေကို အရပ်ဝတ်တွေနဲ့ ထွက်ခိုင်းခဲ့တာ” လို့ သူကရှင်းပြပါတယ်။

ပြင်ဦးလွင်က သင်တန်းကျောင်းတွေဖြစ်တဲ့ တပ်မတော်အင်ဂျင်နီယာကျောင်း အယောက်(၅၀)၊ စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်တက်နေတဲ့ သင်တန်းသားတွေက အယောက်(၁၀၀)၊ အရာခံတပ်ကြပ်ကြီးဘက်က အယောက် (၅၀) နဲ့ အုပ်ချုပ်မှုသင်တန်းကျောင်းက အယောက်(၃၀၀) စုပေါင်းပြီး တပ်မတော်ထောက်ခံပွဲကို ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

“အဲ့အဖွဲ့တွေပေါင်းပြီး ပြင်ဦးလွင်တစ်မြို့လုံးကို စစ်သားတွေကြီးပဲ အရပ်သားတစ်ကောင်မှ မပါဘူး။ အရပ်ဝတ်တွေနဲ့ သားသားနားနားဝတ်ပြီးတော့။ တပ်မတော်ကို ထောက်ခံပါ၏။ တပ်မတော်ကို ထောက်ခံပါသည်။ တပ်မတော်သည် ပြိုလဲလို့မရပါ။ အဘမင်းအောင်လှိုင် ကျန်းမာပါစေ။ အဘမင်းအောင်လှိုင် သက်ရှည်ပါစေ။ ဆိုပြီး ပြင်ဦးလွင်တစ်မြို့လုံး တစ်နေ့လုံးနီးပါး လျှောက်ရတာ။ အရပ်သားတစ်ကောင်မှ မပါဘူး။” လို့ CDM ဒုတပ်ကြပ်အောင်အောင် ကပြောပါတယ်။

CDM ဒုတပ်ကြပ်အောင်အောင် ဟာ ခလရ (၂၇၅) တပ်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက CDM ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

CDM ဒုတပ်ကြပ်အောင်အောင် လိုပဲ တပ်တွင်းမှာ နေထိုင်တဲ့ စစ်သည်တွေရဲ့ ဇနီးသည်တွေနဲ့ မိသားစုတွေဟာလည်း တပ်မတော်ထောက်ခံပွဲတွေမှာ သာမာန်အရပ်သားတွေလို ပါဝင်ခဲ့ရပါတယ်။

“အာဏာသိမ်းပြီးတော့ ကျွန်တော်တို့တွေ ထွက်အော်ရသေးတယ်။ တပ်ထဲက ရဲမေ(ဇနီးသည်) တော်တော်များများ ထွက်အော်ရသေးတယ်။ တပ်ထဲက ရဲမေ(ဇနီးသည်)တွေ မလိုက်၊ မနေရ လိုက်ရသေးတယ်။ နှိုးဆော်တာလေ။ အော်ရတာပေါ့။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ။ စစ်တပ်ကို ထောက်ခံပါတယ်ဆိုပြီး အော်ရတာ။” လို့ CDM စစ်သားတစ်ယောက်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ကြည်ပြာဝင်း ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲတစ်ခုမှာ ဒေါ်ကြည်ပြာဝင်း ဟာ သာမာန်အရပ်သူတစ်ယောက်လို့ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က “လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည့်အတွက် အရေးပေါ် အခြေအနေအဖြစ် ကြေညာထားမှုကိုထပ်မံပြီး (၆ လ) သက်တမ်း တိုးမြှင့်တာဝန်ထမ်းဆောင် ခွင့်ပြုရန်တင်ပြလို” တယ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင် (၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။

CDM ဗိုလ်ကြီးထက်မြတ် က “တပ်တွင်း စည်းလုံးရေးက ဟိုးအရင်ထဲက ရှိတာ။ အဓိက သူတို့က စိတ်ဓာတ်စစ်ဆင်ရေးနဲ့ နိုင်ငံကို နှစ်ပေါင်းများစွာ ထိန်းလာတာ။ စိတ်ဓာတ်စစ်ဆင်ရေးကို သူတို့က နှစ်ရှည်လများ လက်နက်တစ်ခုလို သုံးခဲ့တာ။ အဲ့ဒါက ပိုထိရောက်ခဲ့တာ။ သေနတ်နဲ့ ထိန်းတာက အဲ့လောက် မထိရောက်ဘူး။ အခုဆို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ထိန်းခဲ့တာကြောင့် ကျွန်တော်တို့ ဒီလောက်ထိ ခံခဲ့ရတာ။ အခုဆို သူတို့(စစ်ခေါင်းဆောင်တွေ) တပ်တွင်းဝါဒဖြန့်တဲ့အခါမှာ အမြဲပြောတဲ့စကားက အာဏာထိန်းတာ။ အခုထိ တပ်တွင်းမှာ ကျန်နေတဲ့ သူတွေက အဲ့လိုစကားတွေကို လက်ခံထားတုန်းပဲ။” လို့ သူက ထောက်ပြပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇွန်လက ဗိုလ်ကြီးထက်မြတ် ဟာ တပ်ကိုစွန့်ခွာ CDM ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(၁၅) နှစ်ကျော်ကြာ တပ်တွင်းမှာ နေထိုင်ခဲ့တဲ့ CDM ဒုတပ်ကြပ်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ချိုချိုမြင့် က “စစ်သားကို ယူပြီးတော့မှ ဘ၀ပေါင်းက စုံသွားတယ်။ မြက်လည်းပေါက်ရတယ်။ လက်နက်လည်း ကိုင်ရတယ်။ သေနတ်အဖြုတ်၊ အတက်တွေလည်း လုပ်ရတယ်။ ၆၃ တစ်လက်က အလေးချိန်က မနည်းဘူး။ စစ်သင်တန်းလည်း တက်ရတယ်။ ကိုယ်ဝန်သုံးလရနေပြီ စစ်ရေးပြလည်း လုပ်ရတယ်။ ကင်းလည်းစောင့်ရတယ်။ သူတို့(စစ်ကောင်စီ)က (၆) လပြည့်မှ ပေးနားတာ။ တကယ်တိုက်ပွဲဖြစ်ရင် သေနတ်ချပြီးထွက်ပြေးမှာ သူတို့အတွက်ကို အသက်မပေးဆပ်နိုင်ဘူး။ မလွန်ဆန်နိုင်လို့ တာဝန်အရ လုံခြုံရေးယူပေးထားရတာပဲ ရှိတယ်။

ကိုနိုင်

Leave a Reply

Your email address will not be published. Required fields are marked *