Spread the love

ရန်ကုန်၊ ဩဂုတ် (၁၆)

တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်နိုင်တာတွေ၊ မိုင်းဆွဲတိုက်ခိုက်နိုင်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှုမလှ သေဆုံးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

“ကရင်နီ၊ ကရင်၊ ကချင်၊ မွန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးစတဲ့ နေရာတွေမှာ တိုက်ပွဲတွေလည်း အတော်ဖြစ်ပွားနေပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ drone နဲ့ တိုက်ခိုက်နိုင်မှု၊ မိုင်းဆွဲတိုက်ခိုက်နိုင်မှုတွေနဲ့ စစ်ကောင်စီရဲ့ မရှုမလှ ကျဆုံးမှုတွေ၊ ထိခိုက်မှုတွေကို တောက်လျှောက် ကြားသိနေရတာ ဖြစ်ပါတယ်။” လို့ သူကပြောကြားပါတယ်။

NUG ရဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တော်လှန်ရေးအင်အားစုတွေရဲံ ကြိုးစားအားထုတ်မှုတွေကြောင့် တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနေပြီ ဖြစ်တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဟာ “စီးပွားရေးကဏ္ဍဘက်မှာလည်း အတော်လေး အထိနာနေပြီဖြစ်ပြီး၊တကယ်တော့ ဒီနေ့ အနေအထားမျိုးနဲ့ သူတို့ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုတာ သိသာနေပေမယ့် ရတဲ့နည်းနဲ့ ဇွတ်လုပ်ပြီး နိုင်ငံတချို့ရဲ့ ထောက်ခံမှု ရရှိနိုင်မလား မျှော်လင့်နေပုံရပါတယ်။ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေး ထွက်ပေါက်ကနေ သူအသက်ရှူချောင်မလား မျှော်လင့်နေပုံရပြီး နည်းလမ်းစုံ သုံးလာနိုင်တာမို့ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ ခြေလှမ်းတွေကိုလည်း မပြတ် စောင့်ကြည့်လေ့လာနေကြဖို့ လိုသလို ကျွန်တော်တို့ ဘက်ကလည်း ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပြည်သူတွေကို ချပြသင့်တာတွေ ချပြပြီး တော်လှန်ရေး အောင်မြင်သည်အထိ အင်အားအပြည့်နဲ့ ဆက်လက် ချီတက်နိုင်အောင် ကြိုးစား သွားကြရမှာ ဖြစ်ပါတယ်။” သူကပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က”ပြည်သူတွေ အကုန်လုံး ခွန်အားစိုက် ကြိုးစားရင် အချိန်တိုအတွင်း အောင်မြင်နိုင်မှာ ဖြစ်တယ်။ စစ်ကောင်စီကလည်း နေ့စဉ်နဲ့အမျှ ကျဆုံးလာပြီဖြစ်တဲ့အတွက် အမျိုးသားရေး အောင်မြင်မှု ပန်းတိုင်ကို ရောက်တော့မယ်” လို့ ကချင် အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *