Spread the love

ရန်ကုန်၊ ဩဂုတ် (၁၆)

အခုချိန်မှာ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာ အတော်ကြီး စိတ်မကောင်းဖြစ်မိပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောပါတယ်။

နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်ပြီး “ကျွန်တော်တို့တွေဟာ ယခု လုံ့လထုတ် ကြိုးစားသည်ထက် ၂ ဆ ၃ ဆ လောက် အားထုတ်ကြဖို့ လိုပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို တွေ့ဆုံတဲ့အခါ ကျွန်တော်တို့ စိတ်လုံချင်ပါတယ်။ ပြည်သူ့အပေါ် မြူမှုန်မျှလောက် ပေါ့ပျက်ပျက် လုပ်မိမှာကို ကျွန်တော့အနေနဲ့ အလွန် စိုးရိမ်မိပါတယ်။” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူကဆိုပါတယ်။

မြန်မာနိုင်ငံကို စစ်ကောင်စီက အာဏာသိမ်းထားတာ အခုဆို နှစ်နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။

“တော်လှန်ရေးကာလမှာ ခုခံတော်လှန်စစ်ရဲ့ တာဝန်တွေကို နေ့စဉ်နဲ့အမျှ အချိန်ပြည့် ထမ်းဆောင်နေရတာဟာ မလွယ်ကူမှန်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အိုးပစ် အိမ်ပစ် အသက်လုပြီး စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြီးလေးတဲ့ တာဝန်ဟာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ ယူဆပါတယ်” လို့ ယာယီသမ္မတ ကပြောပါတယ်။

အာဏာသိမ်းပြီးတော့ ဖြစ်လာတဲ့ ပဋိပက္ခတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါး ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ပြည်သူ့အသက် နဲ့ ရင်းနှီးပေးဆပ်ရတဲ့ ခုခံတော်လှန်စစ်ရဲ့ တာဝန်ဝတ္တရားတွေကို အမြဲတမ်းအလေးအနက်ထား ထမ်းဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သတိလက်လွတ် ပေါ့လျော့မှု အနည်းငယ်ဟာ ရာနဲ့ချီ ထောင်နဲ့ချီသော ပြည်သူလူထုကို ဒုက္ခဆင်းရဲတွေကို ပိုမိုစေပါလိမ့်မယ်။ ဒါကို အထူးသတိပြုရှောင်ကြဉ်နိုင်ဖို့” လိုတယ်လို့ ယာယီသမ္မတ ကသတိပေးပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *