Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂၇)

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောင်ချမ်းသာလမ်းနဲ့ ဘုရားလမ်းကြား ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ လူငယ် (၃) ယောက်ကို စစ်တပ်က စစ်ကား DC တစ်စီးနဲ့ လာရောက် ဖမ်းဆီးသွားပြီးနောက် ကမာရွတ်မြို့မ ရဲစခန်းအတွင်းက ခေါ်ဆောင်သွားကြတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက C8 News ကို ပြောပါတယ်။

မနေ့ ည (၈) နာရီဝန်းကျင်က စစ်ကောင်စီဟာ (၅) ရပ်ကွက်အတွင်းကို ရှောင်တခင် ကင်းပတ်ချိန် အောင်ချမ်းသာလမ်းနဲ့ ဘုရားလမ်းထောင့်က အုတ်ခုံအနီး ထိုင်နေတဲ့ လူငယ်ယောက်ကို စစ်ကားတစ်စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

“(၅) ရပ်ကွက်ထဲကို အကြမ်းဖက်စစ်တပ်က စစ်ကား ရဲကားအိမ်စီးကား (Honda Fit)အဖြူနဲ့ ကင်းပတ်တတ်တယ်။ ရပ်ကွက်နဲ့ ရဲစခန်းကလည်း ကားလမ်းကူးရင်း ရောက်နေပြီ။ ကလေးတွေကလည်း ရပ်ကွက်ထဲက ကလေးတွေပါ။ သူတို့မိသားစုဝင်တွေတော့ သွားပြီးရွေးဖို့ လုပ်နေကြတယ်။ ကလေးတွေကို ပစ်မှတ်ထားပြီး အကြောင်းမရှိ အကြောင်းရှာဖမ်းနေတာ။ ပိုက်ဆံပေးနိုင်တဲ့ သူတွေဆိုရင်တော့ လွတ်ပါတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

အခုလိုဖြစ်ရပ်မျိုးဟာ ကမာရွတ်မြို့နယ်မှာ နေ့စဉ်နဲ့အမျှ ဖြစ်နေရှိပြီး လူငယ်တွေကို အဓိကပစ်မှတ်ထားကာ စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ ဒဏ်ငွေနဲ့ ထောင်ဒဏ် တစ်ရက် ချမှတ်တာတွေကိုလည်း စစ်တပ်နဲ့ မြို့နယ်ရဲတွေ ပူးပေါင်းပြီး ငွေရပေါက်လမ်းကြောင်း ဖန်တီးယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ည (၁၀) နာရီခွဲဝန်းကျင်ကလည်း အမှတ်(၂)ရပ်ကွက်၊ အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်အနီး ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းကို စစ်တပ်နဲ့ အရပ်ဝတ်တွေ မြို့နယ်ထွေအုပ်ရုံးမှာ ရပ်ထားလေ့ရှိတဲ့ လူနာတင်ယာဉ်တစ်စီးနဲ့ လာရောက်ခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးသွားတာမရှိဘူးလို့ ရပ်ကွက်နေပြည်သူတစ်ယောက်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *