Spread the love

ရန်ကုန်၊စက်တင်ဘာ(၃၀)

အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံတွေကနေ အကူအညီ၊ အထောက်အပံ့တွေ မရတော့တာကြောင့် ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောပါတယ်။

“အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုကိုသာ ရရှိခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပနိုင်ငံတွေကနေ အကူအညီ၊ အထောက်အပံ့တွေ မရတော့ပါဘူး။ ဒါကြောင့် မိမိတို့ နိုင်ငံအနေနဲ့ မိမိတို့ခြေထောက်ပေါ် ရပ်တည်နိုင်ရေး အဓိက ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်” လို့ သူက မနေ့ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃) မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပြီးနောက်မှာ မြန်မာနိုင်ငံဟာ အာရှမှာ ဖွံ့ဖြိုးမှု အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရပေမယ့် စစ်တပ်က အာဏာသိမ်းယူပြီးနောက် လပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှုတွေကြောင့် ကတိကဝတ်ပြုထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျသွားမယ်လို့ ကမ္ဘာ့ဘဏ် ကတွက်ချက်ခဲ့ပါတယ်။

ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံ (LDC)နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကူညီထောက်ပံ့မှုတွေ ရရှိမယ့် အခွင့်အရေးတွေရှိပေမယ့် နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ ထောက်ပံ့ကူညီမှုတွေ ဖြတ်တောက်ခံရတဲ့ အခြေအနေမှာ ကိုယ့်အားကိုယ်ကိုး ရပ်တည်ပြီး အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ရတယ်လို့ သူကပြောပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ကတော့ အာဏာသိမ်းခဲ့တာကြောင့် အရင်က တိုးတက်မှုတွေကို ပြောင်းပြန်လှန်လိုက်ပြီး မြန်မာပြည်သူတွေထဲက ၄၈ ဒသမ ၂ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှု ဒဏ်ကို ခံစားရစေတယ်လို့ ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *