Spread the love

အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် စစ်ကောင်စီဌာနချုပ်ဖြစ်တဲ့ နေပြည်တော်အနီးတဝိုက်အထိ တိုက်ပွဲတွေ ရှိလာတာကို စစ်ကောင်စီကိုယ်တိုင် ဝန်ခံလာရပါတယ်။

စစ်ကောင်စီရဲ့ နေပြည်တော်နဲ့ ပင်လောင်းမြို့နယ်ကို အဖြောင့်တိုင်းမယ်ဆိုရင် ၅၂ မိုင်လောက်ပဲဝေးပြီး ကားလမ်းအတိုင်းဆိုရင် ၈၅ မိုင်လောက်ပဲ ဝေးပါတယ်။ 

KNDF ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့တလအတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအသာစီး မရတဲ့အတွက် စစ်ကောင်စီက ပအိုဝ်းနဲ့ ကရင်နီကို ရန်တိုက်ပေးနေပြီး အဲဒါကလည်း သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်တယ်လို့ PNDF တာဝန်ရှိသူကလည်း သုံးသပ်ပြောဆိုပါတယ်။ 

“တိုင်းရင်းသား အချင်းချင်း သွေးကွဲသွားရင် သူတို့သက်သာတယ်လေ။ သူတို့ လှည့်ကြည့်စရာ မလိုတော့ဘူး။ အဲဒါကြောင့် မဖြစ်ဖြစ်အောင်ကို လုပ်နေတာ။”

ရှမ်းကယား နယ်စပ်၏အရေးပါပုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူရဲ့ပြောပြချက်အရ ပင်လောင်းဒေသကနေ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေ နေ့စဥ်နီးပါး ဝင်ရောက်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးကတဆင့် တာဝေးပစ် အတွဲလိုက်ဒုံးတွေ တင်ဆောင်ထားတဲ့ ကားနှစ်စီးကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ အမည်မဖော်လိုသူ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တခုက ပြောပါတယ်။

စစ်ကောင်စီဟာ ပင်လောင်းလမ်းမကြီးအတိုင်း တပ်မ ၅၅ အပါအဝင် လက်အောက်ခံတပ်တွေကို စစ်ကားတွေနဲ့ နေ့စဉ်နီးပါး ကရင်နီပြည်နယ်ထဲကိုပို့ဆောင်နေတယ်လို့ နယ်စပ်မှာလှုပ်ရှားနေတဲ့ ဖယ်ခုံ PDF က ဆိုပါတယ်။

လက်ရှိအခြေအနေမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ကရင်နီပြည်နယ်ဆီ စစ်ကောင်စီရဲ့ လက်နက်နဲ့ တပ်အင်အားဖြည့်တင်းနိုင်ဖို့ အဓိကလမ်းကြောင်း ဖြစ်လာတယ်လို့ KNDF စစ်ရေးတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကျွန်တော်တို့ ကရင်နီပြည်နယ်ထဲကို ဆင်းလာတဲ့ စကခ ၇ တို့ စကခ ၂ တို့က အလုံးအရင်းနဲ့ ဆင်းလာနိုင်ဖို့ဆိုတာ ဒီနယ်မြေကိုဖြတ်ရတယ်။ အဲဒီနယ်မြေဟာ စစ်ကောင်စီက ထိန်းချုပ်ထားပြီးသားနယ်မြေ ဖြစ်တဲ့အတွက် တပ်တွေက မလိုတော့ဘူး။ အဲဒီတော့ ဒီတပ်တွေကို အကုန် ကရင်နီထဲကိုပို့လိုက်တယ်။”

စစ်ကောင်စီက ရှမ်း-ကယား နယ်စပ်လမ်းကြောင်းတွေ အသုံးပြုမှု မြင့်တက်လာတာနဲ့အမျှ အဲဒီဒေသတွေမှာ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ KNDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီ

ပင်လောင်းဒေသဟာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်ပြီး ဒေသတွင်း အဖွဲ့အစည်းတွေအနေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့ ရှိပါတယ်။

PNFC ကတော့ လက်ရှိတော်လှန်ရေးမှာ ပြည်သူဘက်ကပါဝင်နေသလို PNLO ကတော့ ကရင်နီပြည်နယ်က အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။

PNO ကတော့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်လို့ တိုက်ပွဲအတွင်း အထောက်အထားတွေအရ သိရပါတယ်။

အခုနှစ်အစောပိုင်းက ရှမ်း-ကယားနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့အတူ တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တဲ့ PNO တပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းနဲ့ အလောင်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ဖူးပါတယ်။

PNO/ PNA ကတော့ အဲဒီစွပ်စွဲမှုတွေကို ပယ်ချပါတယ်။

“ကျွန်တော်တို့က အောက်ခြေစစ်သားချင်းဟာ ရင်းနှီးမှုရှိတယ်။ ကျွန်တော်တို့အနေနဲ့က ကျွန်တော်တို့ဒေသကို ကာကွယ်ဖို့ပဲ မူဝါဒရှိတယ်။ အဲဒီ ယူနီဖောင်းကိစ္စဟာ အောက်ခြေစစ်သားချင်း ယူနီဖောင်းလဲသတ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စိစစ်သွားဖို့ရှိပါတယ်” လို့ တုန့်ပြန်ပါတယ်။

ဒါ့အပြင် PNO/PNAဟာ စစ်တပ်နဲ့ပူးပေါင်းပြီး ပအိုဝ်းလူငယ်တွေကို ပအိုဝ်းဒေသတွေမှာ စစ်သင်တန်းပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သင်တန်းပြန်ဆင်းလာတဲ့ ပအိုဝ်းလူငယ်တယောက်ကတော့ ၁၅ ရက်တာ စစ်သင်တန်းထဲမှာ အဓိက အခြေခံကျတဲ့ စစ်ရေးလေ့ကျင့်ခန်း အပါအဝင် မိမိကိုးကွယ်ရာ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတွေပါ သင်ကြားပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလကနေ အခုထိ PNO နဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်စုဆောင်းမှုဟာ ပအိုဝ်းဒေသတခုထဲမှာတင် ထောင်ဂဏန်းအထိရှိပြီး အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ပအိုဝ်းဒေသတွင်းအဖွဲ့တွေက ဆိုပါတယ်။

အတင်းအကြပ် တပ်သားစုဆောင်းတာတွေအထိ ရှိလာတဲ့အတွက် တချို့လူငယ်တွေ ဒေသကနေ ထွက်ခွာရတဲ့အထိ ရှိတယ်လို့ သိရပါတယ်။

တပ်သားစုဆောင်းတဲ့နေရာမှာ မိမိတို့ဒေသ၊ မိမိတို့လူမျိုးကို အကာအကွယ်ပေးရေးဆိုတာကို အသုံးချတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်မှ ဘက်ဂျမင်က ဆက်ပြောပါတယ်။

လူမျိုးရေး၊ဘာသာရေး ပဋိပက္ခဖော်ဆောင်လာသူ စစ်ကောင်စီ

စစ်ကောင်စီဟာ စစ်ရေးအသာစီးရဖို့အတွက် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးလာပြီးပအိုဝ်းဒေသတွင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးကို PNO က အဓိက လုပ်နေတယ်လို့ (PNDF) Khum Koung အဖွဲ့ တာဝန်ရှိသူ ဘက်ဂျမင်ကဆိုပါတယ်။

“PNO အနေနဲ့ လက်နက်အပ်ပြီးကတည်းက နိုင်ငံရေးပါတီအဖြစ်ခံယူတယ်။ သူ့အောက်ကစစ်တပ် PNA က ပြည်သူ့စစ် ခံယူလိုက်တော့ စစ်ရေး COC က စစ်တပ်အောက်ရောက်သွားတယ်။ PNO က စစ်တပ်ခိုင်းသမျှကို လုပ်ရတာပဲ။ အထက်ပိုင်းလူတွေကလည်း စီးပွားရေးအကျိုးအမြတ်တွေလည်းရှိတော့ အဲ့လူတွေနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူတွေကို အချိုသတ်အနိုင်ကျင့်ကြတယ်။”

PNO ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်တဲ့ ခွန်ဆန်းအောင်ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြား လူမျိုးရေး၊ ဘာသာရေး အမုန်းတရားလှုံ့ဆော်ပြီး ပြောဆိုမှုတွေရှိနေတာ တွေ့ရပါတယ်။

ခွန်ဆန်းအောင်ရဲ့လူမှုကွန်ရက်ကနေ ဖြန့်ဝေထားတဲ့ ရုပ်သံတစ်ပုဒ်မှာ ပအိုဝ်းဘာသာနဲ့ အခုလိုပြောဆိုထားတာ တွေ့ရပါတယ်။

“PDF, KNDF, PNFC တွေက ပအိုဝ်းလူမျိုးနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကို သေနတ်နဲ့ ပစ်သတ်တာမဟုတ်၊ တုတ်နဲ့ရိုက် ကန်ကြောက်ပြီး ငွေအတင်းတောင်းတယ်။ ဘုန်းကြီးကမပေးလို့ ရက်ရက်စက်စက် သတ်ခဲ့တယ်။ ကြားဝင်ပြီး မလုပ်ဖို့တားတဲ့ ဦးစိန်ဆိုတဲ့ အမျိုးသားနဲ့ ဦးဇင်းတစ်ပါးကိုလည်း ကယန်းလူမျိုးတယောက်က ဓားနဲ့ခုတ်သတ်တယ်။ သတ်ထားတဲ့အလောင်းကိုလည်း ကရင်နီနယ်ထဲကို သယ်သွားပြီး အလောင်းဖျောက်ဖို့ ကြိုးစားခဲ့တယ်။ အခုတော့ ဝဋ်လည်ပြီပေါ့တဲ့လေ” ဆိုပြီး KNDF ရဲဘော်တွေ တိုက်ပွဲအတွင်း သေဆုံးမှုတွေအပေါ် လှုံ့ဆော် ပြောဆိုထားပါတယ်။

အဲဒီလို သွေးခွဲမှုတွေဟာ ပအိုဝ်းနဲ့ ကရင်နီလူမျိုးတွေကြား နားလည်မှုလွဲခဲ့တယ်လို့ ဆိုနိုင်တဲ့ နမ်းနိန်ဖြစ်စဥ်နောက်ပိုင်းမှာ ပိုများတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို အခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က KNDF နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့ဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့ဝန်းကျင်ကလည်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ပင်လောင်း၊ နမ်းနိန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာတော့ နမ်းနိန်ရွာမှာ ဘုန်းတော်ကြီး ၃ ပါးနဲ့ ဒေသခံ ၂၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီသတ်ဖြတ်မှုအပြီး စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကယား (ကရင်နီ) တော်လှန်ရေးအဖွဲ့တွေဟာ ပအိုဝ်းဒေသကို နှောင့်ယှက်တိုက်ခိုက်နေပြီး ပအိုဝ်းဒေသရဲ့ အေးချမ်းမှုကို ဖျက်ဆီးနေတာလို့ မတ်လ ၁၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

“ဒီလိုလုပ်ဆောင်တာက ပအိုဝ်းဒေသ တည်ငြိမ်အေးချမ်းနေမှု ဖွံဖြိုးတိုးတက်နေမှုတို့ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်” လို့ ဆိုပါတယ်။

တဘက်မှာလည်း အဲဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအပြင် KNDF နဲ့ ကရင်နီတော်လှန် ရေးအဖွဲ့အစည်းတွေက အထောက်အထားနဲ့တကွ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့လည်း အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီရဲ့ ကပစထုတ် ၅.၅၆ စာတန်းပါ ကျည်ခွံတွေ တွေ့ရှိခဲ့ရတယ်လို့ ပုံနှင့်တကွ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချာနယ်တွေမှာတော့ “ပင်လောင်းမြို့နယ် နမ်းနိန်ရွာဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ ပအိုဝ်းလူမျိုးတွေ နေထိုင်ကြတာပါ။ အခြားနေရာတွေမှာ တိုက်ပွဲတွေဖြစ်ပေမယ့် ငြိမ်ချမ်းမှုကိုသာမြတ်နိုးတဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ နယ်မြေဟာ အေးချမ်းတည်ငြိမ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ခရစ်ယာန်ဘာသာဝင် KNDF အကြမ်းဖက်သမားတွေက နမ်းနိန်ရွာကို ဝင်ရောက်အကြမ်းဖက်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်” ဆိုပြီး ရေးသားတာတွေ့ရှိခဲ့ပါတယ်။

အဲဒီလိုရေးသားမှုတွေကို မှိုင်းဝေ တယ်လီရမ် ချာနယ်၊ (Subcribe) လုပ်ထားသူ ၅၂,၀၀၀ ခန့်ရှိတဲ့ ကိုသက် တယ်လီအကောင့်နဲ့ (Subcribe) ၄,၇၀၀ ရှိတဲ့ဇေယျဝတီချက်ဖောင်း အကောင့်တွေကနေ အဓိက လုပ်ဆောင်ခဲ့တာပါ။

ဒီဖြစ်စဉ်ဟာ KNDF နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး မတ်လ ၁၁ ရက်နေ့ကနေ တစ်ပတ်အတွင်း အနည်းဆုံးတစ်နေ့ကို ပိုစ့် ၂ ခု တင်နေခဲ့ပါတယ်။

အထက်ပါ အကောင့် ၃ ခုမှာ ရေးတင်ထားတဲ့ စာနဲ့ပုံတွေဟာ တစ်ပုံစံတည်း ဖြစ်နေတဲ့အတွက် လူတစ်ယောက်ထဲက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာလို့ ယူဆနိုင်ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့ တပေါင်းကွင်းမှာ “KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရေး.. ဒို့အရေး ဒို့အရေး ဒို့အရေး” ဆိုတဲ့ စာတန်းတွေကိုင်ဆောင်ပြီး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အဲဒီဆန္ဒပြပွဲကို စစ်ကောင်စီနဲ့နီးစပ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တပ်ဖွဲ့တွေက ဦးစီးပြီး လုပ်ဆောင်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နမ်းနိန်ကျေးရွာဖြစ်စဥ် မဖြစ်ပွားမီ လေးရက်အလိုက PNO/PNA နာယက ဦးအောင်ခမ်းထီးကို ရှမ်းပြည်နယ် ကျောက်တလုံးကြီးမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။

နမ်းနိန်ဖြစ်စဥ်အပြီး သြဂုတ်လ ၆ ရက်နေ့မှာတော့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၆ အတွင်း အရွယ်ရောက်ပြီးသူအားလုံးကို PNO ပြည်သူ့စစ် အဖြစ် စုဆောင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။

အဲဒီကြေညာချက်ထဲမှာ PNO ပြည်သူ့စစ်ရဲ့နယ်မြေတွေကို လာရောက် ကျူးကျော် စော်ကားနေလို့ အခုလို စုဆောင်းရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီဝါဒဖြန့်မှုတွေဟာ ဒီကနေ့အထိ ဆက်ရှိနေပြီး ပအိုဝ်းဒေသ ရပ်မိရပ်ဖတွေဆီကတဆင့် ဒေသခံပြည်သူတွေဆီ စီးဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ်းနိန်​ဖြစ်စဥ်နောက်ပိုင်း ပအိုဝ်းဒေသခံတွေရဲ့ ကရင်နီတော်လှန်ရေးတပ်တွေအပေါ်  အမြင်တွေဟာ အဆိုးဘက်ကို ဦးတည်လာခဲ့တယ်လို့ ပင်လောင်းဒေသ ရပ်မိရပ်ဖတစ်ယောက်က ပြောပါတယ်။

“ကရင်နီစစ်ဘေးရှောင်တွေကို ပအိုဝ်းဒေသကျေးရွာတွေက ကူညီပေးနေရင်း ပင်လောင်းမြို့နယ် နမ်းနိန်ဖြစ်စဉ်ကြောင့် ကူညီပေးသူတွေ ကြောက်လန့်ကုန်တာတော့ အမှန်ပဲဗျ။ တော်လှန်ရေးလုပ်တဲ့နေရာမှာ ပြည်သူတွေ ထိခိုက်နစ်နာပြီဆိုရင် အဲတော်လှန်ရေး ဘယ်တော့မှ မအောင်မြင်တော့ဘူးဗျ” လို့ သူကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ပအိုဝ်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ အထောက်အပံ့နဲ့ ပအိုဝ်းကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေကြား နားလည်မှုရရှိခဲ့တယ်လို့ PNDF တာဝန်ခံတစ်ယောက်ဖြစ်သူ ဘက်ဂျမင်က ပြောပါတယ်။

“ပအိုဝ်းနဲ့ကရင်နီအကြား ဆက်ဆံရေးက အခုက ပိုကောင်းလာပါတယ်။ PNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ PNDF-KK စစ်ရေးပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် အရင်ကထက် ကောင်းလာပါတယ်။ အရင်ကဆိုရင် PNO ရဲ့လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ကို မယုံကြည်ကြဘူး။ ကျွန်တော်တို့ တော်လှန်ရေးစလုပ်တုန်း ခြိမ်းခြောက်ခံရတာတွေ ကျွန်တော်တို့ကို ဒလန်လို့ အထင်ခံရတာတွေ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ပအိုဝ်းဒေသခံတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အဖြစ်အပျက်တွေကို သိနေပြီး မပြောရဲလို့သာ နှုတ်ဆိတ်နေရတာဖြစ်တယ်လို့ အထက်ပါပအိုဝ်းလူငယ်က ဆက်ပြောပါတယ်။

“ပြည်သူတွေကို နှိပ်စက်တာတွေ ပြည်သူတွေကိုယ်တိုင် သိလာတာတွေ။ တချို့လူတွေက ဘယ်သူမှား ဘယ်သူမှန်လဲဆိုတာ သိတဲ့သူတွေ အများစုရှိကြတယ်။ သူတို့အနေနဲ့က အသံထွက်လို့ အဆင်မပြေတဲ့အတွက် နှုတ်ဆိတ်နေတဲ့ သူတွေလည်း ရှိတဲ့အတွက် သူတို့ ဘယ်လိုပြောပြော သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တချို့ကြောင့် ဝါဒဖြန့်တာက နိုင်ငံရေးအသိအမြင် နည်းတဲ့သူတွေအပေါ်ပဲ သက်ရောက်ပါတော့တယ်” လို့ ဆိုပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားကတော့ “တကယ်လို့ လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာရင်တော့ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှု အများကြီး ဖြစ်လာနိုင်တယ်။ ရှမ်းတောင်ဟာ တော်လှန်ရေးရဲ့ အရွေ့တခုရဲ့ အချက်အချာကျတဲ့ နေရာဖြစ်တယ်။ အဲထဲမှာမှ ပအိုဝ်းဒေသက စစ်ရေးအရပိုပြီး အချက်အချာကျပါတယ်။ ပအိုဝ်းပြည်သူတွေရဲ့ ပါဝင်မှုအားမပါရင် ရှမ်းတောင် တော်လှန်ရေးအဖွဲ့တွေ ရှေ့ဆက်ဖို့က အင်မတန်ခက်ပါတယ်။ ပအိုဝ်းဒေသထဲက ကရင်နီ စစ်ဘေးရှောင်တွေအတွက်လည်း ထည့်သွင်းစဉ်းစားရမှာတွေက အများကြီးပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးအသာစီးမရတဲ့အခါ၊ စစ်ရေးအရထိန်းချုပ်ဖို့ခက်တဲ့ နေရာမျိုးတွေမှာ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေကို ဖန်းတီးပြီး တော်လှန်ရေးကိုအာရုံ မရောက်အောင် လုပ်ဆောင်တတ်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီလို တိုင်းရင်းသားမျိုးနွယ်အချင်းချင်းကြား သို့မဟုတ် တိုင်းရင်းသားမျိုးနွယ်စုနှစ်ခုကြားမှာ သွေးခွဲဖို့ ကြိုးစားတာဟာ ပအိုဝ်း၊ ကရင်နီဒေသတခုထဲမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

PNFC ဥက္ကဌကတော့ “PNO ဟာ ပအိုဝ်းအမျိုးသားတော်လှန်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တယ်။ လက်ရှိအခြေအနေမှာလည်း ပြည်သူ့ဘက်ကိုမျက်နှာမူပြီး အခုလုပ်ဆောင်နေတာတွေကို ပြန်လည်သုံးသပ်စေချင်ပါတယ်” လို့ တောင်းဆိုထားပါတယ်။

ကိုခွန်း

Leave a Reply

Your email address will not be published. Required fields are marked *