Spread the love

ရန်ကုန်၊အောက်တိုဘာ(၂၈)

ချင်းရွှေဟော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က ချင်းရွှေဟော်နဲ့ ရှမ်းမြောက်တစ်ခွင်ကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် အရပ်သားပြည်သူတချို့ သေဆုံးခဲ့ရသလို လက်နက်တချို့လည်း တရုတ်နိုင်ငံအတွင်းကို ကျရောက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မနေ့(အောက်တိုဘာ၂၇)ရက်နေ့က စတင်ပြီး ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) က ၁၀၂၇စစ်ဆင်ရေး (1027 Operation) အမည်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေနဲ့ ဂိတ်တွေကို ချေမှုန်းပြီးနောက် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီအဖွဲ့ဟာ မြေပြင်ကနေ အင်အားတိုး တိုက်ခိုက်နေသလို တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်နေသလို စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေ အရေးပေါ် ဖွင့်ထားရပြီး လူဦးရေ ၅၀၀ လောက် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနဲ့ အဲ့ဒီစစ်ဆင်ရေးအတွက် ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေ ပူးပေါင်းဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *