Spread the love

ရန်ကုန်၊အောက်တိုဘာ(၂၈)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ခလရ၂၈၄ ဗဟိုကင်းတဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးတာရှိနိုင်ပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ညခုနှစ်နာရီကျော်လောက် အပစ်ခံရတာ ပေါက်ကွဲသံ (၂)ချက်ကြားရတယ်၊ အဲ့နားကလူတွေ ပြောတာကတော့ သူတို့(စစ်ကောင်စီ) ခလရ ၂၈၄ ဗဟိုကင်းကို တိုက်ရိုက်ထိတယ်လို့ ပြောတယ်၊ ပေါက်ကွဲသံကြားရပြီး တပ်ထဲကနေ သေနတ်တွေနဲ့ လိုက်ပစ်နေတော့ လူတွေလည်း မသွားရဲဘူး၊ ဆေးရုံးကားတွေလည်း လာတယ်လို့ ကြားတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ်(၃၀)လောက်ကြာအောင် ရမ်းသမ်းပစ်ခတ်ခဲ့လို့ အနီးအနားကကျေးရွာနဲ့ လူနေအိမ်တချို့ ကျည်ထိမှန်ခဲပြီး ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ မနက်အစောပိုင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) တောင်ပိုင်းတိုင်းစစ်ဒေသမှာ ပါဝင်တဲ့ ကျားဖြူစစ်ကြောင်းက ကော့ကရိတ်မြို့နယ် ချောင်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို သွားရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဆင်ကုန်း၊ ရေလယ်မြိုင်၊ ရုံးကြီး၊ တံတားနီ စတဲ့နေရာတွေမှာ စစ်ကောင်စီအဖွဲ့နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာများခဲ့ပြီး စခန်းတချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *