Spread the love

ရန်ကုန်၊နိုဝင်ဘာ(၁၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀) သေ၊ (၂၁)ယောက် လက်နက်ချခဲ့သလို PDF ရဲဘော် (၃)ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၃)ရက်နေ့ကစပြီး ကောလင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်က ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်၊ မြို့နယ် ပကဖနဲ့ Federal Wings ပူးပေါင်းအဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ(၆)ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာပါ။

ကောလင်းမြို့ ခမရ ၃၆၉ တပ်က ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီးတဲ့ အင်အား ၅၇ ယောက်က အထက်တန်းကျောင်း၊ ခမရ ၁၁၁ ၊ ၁၂၀ တပ်က ဒုဗိုလ်မှူးကြီး သိန်းဇော်လင်း ဦးစီးတဲ့ အင်အား (၄၀) ယောက်က အထွေထွေအုပ်ချုပ်ရေးရုံး၊ ဒုရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီးတဲ့ ရဲအင်အား ၆၆ယောက်က ရဲစခန်း၊ ရွှေနွယ်ဖြိုး လက်ဖက်ရည်ဆိုင်နဲ့ မီးရထားဘူတာမှာ တပ်စွဲထားပြီး ကောလင်းမြို့ကို ထိန်းချုပ်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲ ဖြစ်နေချိန် ဖြတ်တောက်ရေးအနေနဲ့ ကောလင်းခရိုင် အမှတ် တပ်ရင်း ၃၊ တပ်ရင်း ၄ နဲ့ ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တွေက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့သိမ်းတိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီဘက်က တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတိုက်လေယာဉ်တွေ၊ ကန့်ဘလူမြို့ တကရ-၆၀၀၆ ကMi-35 ရဟတ်ယာဉ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၄၉ ကြိမ် လုပ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *