Spread the love

ရန်ကုန်၊နိုဝင်ဘာ(၁၀)

ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ ၁၀၂၇စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေပြီး ကွမ်းလုံမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ နိုဝင်ဘာ(၉) ရက်စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ(၉)ရက်နေ့မှာ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော်ကျေးရွာနဲ့ ဖုန်းချွေရှမ်ကြား ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီစခန်း၊ တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ကျေးရွာအနီးမှာရှိတဲ့ ဟဲ့ဟုတ်တောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို အဲ့ဒီနေ့ မနက်(၉)နာရီကျော်အချိန်မှာပဲ ဟဲ့ဟုတ်တောင်စခန်း အဓိကဗျူဟာကုန်းတွေနဲ့ အရံစခန်းတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က မြေပြင်ထိုးစစ်တွေ ဆက်တိုက်တိုက်ခိုက်နေချိန် စစ်ကောင်စီက မန်ပတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ (၅) ကြိမ်၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ ရှုခင်းသာဘက်ကို လက်နက်ကြီးနဲ့ (၂) ကြိမ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဆမ်မဆယ်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ (၁၅) ကြိမ်၊ ခလရ – ၆၈ တပ်စခန်းကနေ နာလိုင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ (၂၈) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ (၃) ယောက်သေဆုံး၊ (၄)ယောက်ကျည်ထိမှန်ခဲ့ပြီး လူနေအိမ် (၄) လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ စစ်ဆင်ရေးပစ်မှတ်တွေထဲက တစ်ခုဖြစ်တဲ့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ နဲ့ ကွမ်းလုံမြို့သိမ်းတိုက်ပွဲတွေအတွက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး မဟာဗျူဟာမြောက်ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးကို ဖော်ဆောင်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ(၉)ရက်နေ့အထိ စေတပ်စခန်းပေါင်း ၁၂၈ ခုကို သိမ်းပိုက်ထားပြီ တအာင်းတပ်မတော် TNLA က စစ်ကောင်စီ စခန်း ၃၀ ‌ကျော်ကို သိမ်းပိုက်ထားတဲ့အတွက် စုစုပေါင်းစခန်း ၁၆၀ ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *