Spread the love

ရန်ကုန်၊နိုဝင်ဘာ(၃၀)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို လေးရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က(နိုဝင်ဘာ၂၉) ရက်မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ Chinland Defence Force – Zotung – CDF- Zotung ဆီကသိရပါတယ်။

“ZZLMS Operation ဟု အမည်ပေးထားသည့် ချင်းပြည်နယ်၊ ရေဇွာမြို့သိမ်း တိုက်ပွဲကို နိုဝင်ဘာ(၂၅)ရက်တွင် စတင်ခဲ့သည်။ ထို့နောက် နိုဝင်ဘာ(၂၈)ရက်တွင် ZZLMS ညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဉီး CNA၊ CDF-MATUPI(B2) တို့မှ ပါဝင်ပူးပေါင်း တိုက်ခိုက်လာခဲ့ပြီး နိုဝင်ဘာ(၂၉)ရက် မနက်(၁၀)နာရီ ဝန်းကျင်တွင် စခန်းအား အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစခန်းသိမ်း တိုက်ပွဲတွင် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိပြီး လက်နက်နှင့် ခဲယမ်း အများအပြားကိုလည်း ရရှိခဲ့ကြောင်းနှင့် မြို့အား အလုံးစုံ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန် အပ်ပါသည်” လို့ CDF- Zotung ကအသိပေးထားပါတယ်။

အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား(၄)ယောက်သေဆုံး၊ (၁၅) ယောက်ဖမ်းဆီးရမိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က (၃)ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ချင်းတော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်နေပြီး ရေဇွာမြို့၊ မကွီးအိမ်နူးမြို့(Makuiimnu)နဲ့ လိုင်းလင်းပီးမြို့(Lailenpi)၊ ဆူရ်းခွါ့မြို့ (Surkhua)၊ ရိဒ်ခေါဒါရ်မြို့(Rihkhuadar)နဲ့ ဝေဘူလမြို့ (Webula)၊ နှာရိန်းမြို့ (Hnaring) တွေကို အလုံးစုံသိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ကအတည်ပြုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *