Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၃၀)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ စာသင်ကျောင်းအများစု ပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့် ပုံမှန်အတိုင်း ကျောင်းပြန်တက်ဖို့ အခြေခံပညာရေး၀န်ထမ်း ဆရာ၊ ဆရာမတွေကို ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန် ကဖိအားပေးနေပါတယ်။

“တစ်မြို့လုံးပြာကျနေပြီး လူသူကင်းမဲ့နေတဲ့ ဒီအခြေအနေမှာတောင် ကိုယ့်လူမျိုးအချင်းချင်းကို စာနာ နားလည်ပေးမှုမရှိပဲ စစ်ကောင်စီအလိုကျ အသုံးချခံနေတာလို့ပဲ မြင်တယ်။ အသက်လုပြေးနေရတာကို ဘယ်လိုလုပ် ကျောင်းတက် စာသင်ပေးနေနိုင်မှာလဲ” လို့ ပေါက်တောမြို့နယ် ကျောင်းဆရာတစ်ယောက် ကပြောပါတယ်။

ရခိုင်ပြည်နယ်က ခရိုင်နဲ့ မြို့နယ် တာဝန်ရှိသူတွေ၊ ပညာရေးဝန်ထမ်းတွေအနေနဲ့ အကြောင်းပြချက် မခိုင်လုံဘဲ ပျက်ကွက်သူတွေ၊ ခွင့်မဲ့ပျက်ကွက်သူတွေ အနေနဲ့ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်ကြဖို့ ပညာရေးမှူး ဦးဘထွီးစိန် ညွန်ကြားချက်ထုတ်လိုက်တာပါ။

“ကျနော်တို့ဘက်မှာတော့ ပုံမှန်အတိုင်း ကျောင်းဖွင့်နေပေမယ့် စက်သုံးဆီ ပြဿနာကြောင့် ဆရာတွေမှာ သွားလာရေး အရမ်းခက်ခဲနေတယ်။ ပုံမှန် ကြိုပို့လုပ်ပေးတဲ့ ကာတွေကလည်း ဆီမရှိလို့ လိုက်မပို့နိုင်ဘူး။ ဆီ ပြဿနာကို အရင် ဖြေရှင်းပေးစေချင်တယ်” လို့ သံတွဲမြို့ ကျောင်းဆရာတစ်ယောက် ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲဖြစ်နေလို့ ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပျက်စီးဆုံးရှုံးတာများနေပြီး စစ်တွေတက္ကသိုလ် နဲ့ တောင်ကုတ်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေကို နေရပ်ပြန်လွှတ်နေသလို အခြေခံပညာကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။

အခုအချိန်မှာ ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေကြောင်းလမ်းအားလုံး ပိတ်ဆို့ထားပြီး ကုန်သွယ်စီးဆင်းမှု ရပ်တန့်နေလို့ စားသောက်ကုန်စျေးနှုန်းတွေ အဆမတန် မြှင့်တက်နေပြီး စက်သုံးဆီ ပြတ်လပ်တာတွေလည်း ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *