Spread the love

ရခိုင်၊ဒီဇင်ဘာ(၁)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုင်းဗဟို ၉ စစ်ကောင်စီတပ်စခန်းကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာက အသက် ၂ နှစ် အရွယ် ကလေးတစ်ယောက် အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ စစ်ဆင်ရေးစတင်တဲ့ အချိန်ကစပြီး ဗျူဟာကျတပ်စခန်းကြီး၊ ငယ်တွေနဲ့ ရဲဘက် ဆိုင်ရာစခန်းတွေကိုပါ လက်လွတ်ဆုံးရှုံးနေရတဲ့အတွက် အရပ်သားပြည်သူတွေကို တမင်ရည်ရွယ်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေတာ၊ အရပ်သားပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို တားမြစ်ပိတ်ပင်ကာ စားနပ်ရိက္ခာကုန်စည်စီးဆင်းမှုကို တားဆီးထားတာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်ဖြတ်တောက်တာတွေကိုပါ တင်းတင်းကြပ်ကြပ် ပိတ်ပင်လာတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက္ခိုင်ဒေသတွင်း စစ်ဆင်ရေးစတင်တဲ့နေ့ကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက် ဖမ်းဆီးနေတဲ့အတွက် အရပ်သားပြည်သူ ၁၀၀ နီးပါးဟာ စစ်ကောင်စီရဲ့ အင်အားသုံးဖမ်းဆီးမှုကို ခံနေရတယ်လို့ ရက္ခိုင့်တပ်တော် (AA) ကပြောပါတယ်
လက်ရှိအချိန်အထိ သံတွဲမြို့နဲ့ ငပလီမြို့၊ ဂျိတ္တောရပ်ကွက် နေရာ ၂ ခုတည်းကပဲ လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် ULA/AA ကပေါက်တောမြို့ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့တဲ့ နိုဝင်ဘာ(၁၃)ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်းက ယာဉ်လိုင်းတွေ၊ မြို့ချင်းဆက်လမ်းတွေ၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကို နေ့ပင်မကူးပိတ်ပစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *