Spread the love

ရခိုင်၊ ဒီဇင်ဘာ(၁)

စစ်ကောင်စီက ရခိုင်ပြည်နယ်ကို နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းတွေ ပိတ်ဆို့ထားလို့ မကြာခင်ကာလမှာ ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆန်အသစ်ပေါ်ချိန်မှာ တိုက်ပွဲတွေဖြစ်တော့ စပါးတွေလည်း မရိတ်ရဘူး။ ရိတ်လက်စကလည်း မိုးရွာချလိုက်တာ အကုန်စိုကုန်တယ်။ အခုက ဆန်ဟောင်းကိုပဲ အားကိုးနေရတဲ့ အခြေအနေဖြစ်နေပြီ။ ကျန်တဲ့ ပြည်မကဝင်တဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း ၅ ဆလောက် ခုန်တက်သွားပြီ” လို့စစ်တွေမြို့မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူက C8News ကိုပြောပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းက နေရာတွေမှာ ကုန်ဈေးနှုန်းမြင့်တက်နေပြီး စစ်တွေမြို့မှာတင် ကြက်သွန်နီ တစ်ပိဿာ တစ်သောင်းကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ နှစ်သောင်းကျပ်၊ စားအုန်းဆီ တစ်ပိဿာ နှစ်သောင်းကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ သုံးသောင်းကျပ် နဲ့ ပေါ်ဆန်းမွှေးဆန် တစ်အိတ် နှစ်သိန်းကျပ်၊ သီရိတုံဆန်(ဒေသအခေါ်) တစ်အိတ် တစ်သိန်းနှစ်သောင်းကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်လာရောက်နိုင်တဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားတဲ့အတွက် ပြည်မက ကုန်ပစ္စည်းတွေကို လေယာဉ်နဲ့သာ သယ်ခွင့်ရနေပြီး လေယဉ်တန်ဆာခကလည်း အရင် တစ်ကေဂျီ(1 KG)ကို နှစ်ထောင်ကျပ်သာရှိရာကနေ အခုချိန်မှာ နှစ်ဆဖြစ်တဲ့ လေးထောင်ကျပ်ဖြစ်သွားသွားတဲ့အတွက် ကုန်ဈေးနှုန်း မြင့်တက်နေရတာဖြစ်တယ်လို့ ရခိုင်စီပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ရက်နေ့ကစပြီး ပင်လယ်ထဲကို ငါးဖမ်းထွက်ခွင့်ကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ပင်လယ်စာ ရှားပါးနေပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့လည်း အလုပ်အကိုင်မရှိတဲ့အတွက် စားဝတ်နေရေး ကြပ်တည်းနေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီးအနား ကျေးရွာတွေက ဒေသခံတွေကိုပါ သံတွဲမြို့ထဲကို ဝင်ခွင့်ပိတ်ထားတာကြောင့် ကျေးရွာတွေကနေ ဈေးလာရောင်းချမယ့် ဈေးသည်တွေလည်း မြို့ထဲကိုမဝင်နိုင်တဲ့အတွက် အသီးအရွက်တွေပါဈေး အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူတွေကို သွားလာခွင့်မပေးရင်တောင် ကုန်ကားတွေကိုတော့ ပေးသွားခွင့်ပေးသင့်ပါတယ်။ အခုက ပြည်သူတွေကို ငတ်သေအောင် လုပ်နေသလိုပဲ” လို့ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ယောက်ကပြောပါတယ်။

ရခိုင်ပြည်နယ်တခုလုံးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို စစ်ကောင်စီက နိုဝင်ဘာ ဒုတိယအပတ်ကစတင်ပြီး စက်သုံးဆီရောင်းဝယ်တာကို ကန့်သတ်ချက်တွေနဲ့သာ ရောင်းချပေးနေတာကြောင့် အပြင်ဈေးကွက်မှာ စက်သုံးဆီတစ်လီတာကို တစ်သောင်းကျပ်ကနေ တစ်သောင်းခွဲအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *