Spread the love

အမ်း၊ ဒီဇင်ဘာ (၂)

စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တည်ရှိရာ အမ်းမြို့နယ်မှာ မြို့တွင်း အဝင်အထွက် သွားလာခွင့်အတွက် ထောက်ခံစာတစ်စောင်ကို ငွေကျပ်သုံးထောင်ပေးနေရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ရွာကနေ လူနာဆေးခန်းပြသွားရလည်း ထောက်ခံစာနဲ့မှ သွားလို့ရတယ်။ ဘာကိစ္စနဲ့ပဲ သွားသွား ထောက်ခံစာတောင်းပြီးမှ သွားလို့ရတယ်။ တစ်စောင်လုပ်ခ ၃၀၀၀ ပေးရတယ်” လို့ အမ်းမြို့နယ် ကွင်းကြီးရွာမှာ နေထိုင်သူ တစ်ယောက်ကပြောပါတယ်။

မြို့တွင်း အဝင်အထွက် ထောက်ခံစာကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမတွေကပါ ယူဆောင် သွားလာနေရတာပါ။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် နဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေ တစ်ကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေလို့ စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တည်ရှိရာ အမ်းမြို့ မြို့တွင်း အဝင်အထွက်လမ်းတွေနဲ့ အမ်းမြို့ ကျေးရွာအနီးက တစ်ရွာနဲ့တစ်ရွာ အသွားအလာတွေကိုလည်း ပိတ်ဆို့ထားတာဖြစ်ပါတယ်။

အမ်းမြို့တွင်းနဲ့ အမ်းမြို့အနီးက ကျေးရွာတွေမှာ ကို စစ်ဆေးရေး ဂိတ်ပုံစံလုပ်ကာ စစ်ဆေးနေတာဖြစ်ပြီး တချို့ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက ဖြတ်သန်းခ တောင်းခံတာမျိုးတွေလည်း ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ထွေအုပ်ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

“ပဲပဒုံဂိတ်ဘေးက ရွာတွေလည်း အသွားအလာပိတ်ထားတယ်။ အဲဒီနားက စိုင်းဘောင်ရွာလေးတောင် ပိတ်ထားတယ်။ အဲဒီကလူတွေ ငတ်နေပြီ” သူက ပြောပြပါတယ်။

အမ်းမြို့နယ်အတွင်းကို ဝင်ထွက်သွားလာနေတဲ့ ကုန်ကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားတွေရှိလို့ ကုန်ဈေးနှုန်းကြီးမြင့်တာတွေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရခိုင်တစ်ပြည်နယ်လုံးကို ရေလမ်း၊ ကုန်းလမ်း ပိတ်ထားလို့ အမ်းမြို့မှာ ခရီးသွား ၁၀၀ ခန့် ပိတ်မိနေပြီး သူတို့ရဲ့ စားဝတ်နေရေးကို အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *