Spread the love

ချင်းပြည်နယ်၊ဒီဇင်ဘာ(၃)

စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင် စစ်အုပ်စုတစ်စုရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်နေတာကနေ ချက်ချင်းစွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင်ကို လက်နက်ချအလင်းဝင်ပါက အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးကို အပြည့်အဝ အာမခံမယ်လို့ ချင်းပြည်နယ် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ Maraland Defense Force (MDF) ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၂ ရက် က ထုတ်ပြန်ခဲ့ပြီး “စစ်အာဏာရှင် စစ်အုပ်စုတစ်စု၏ အကျိုး စီးပွားအား အသက်နှင့်လဲပြီး ကာကွယ်နေခြင်းကို ချက်ချင်းစွန့်လွှတ်၍ ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံး လက်နက် ချ အလင်းဝင်ရန်နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဥပဒေ (IHL) နှင့်အညီ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေး အပြည့်အဝ အာမခံသည်” လို့ ဖော်ပြထားပါတယ်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ ၁၄ ရက်ကစပြီး စစ်ကောင်စီစခန်းသိမ်း စစ်ဆင်ရေးတိုက်ပွဲတွေကို ရက္ခိုင့်တပ်တော်နဲ့အတူ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့အတွက် Chinland Defense Force –Mara နဲ့ Mara Army တပ်ဖွဲ့ ၂ ခုကို ပေါင်းစည်းပြီး Maraland Defense Force -MDF အဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်ဝ၊ ထန်တလန်၊ မတူပီမြို့နယ်က မရာမျိုးနွယ်စုနယ်မြေတွေကို ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Meraland Territorial Council) ကိုလည်း ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *