Spread the love

ပဲခူး၊ဒီဇင်ဘာ (၃)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၉) နဲ့ မုန်းမြို့ရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ(၂)ရက်နေ့ညပိုင်းကစတင်ပြီး ဒီနေ့ နေ့လယ်အထိ တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ ဒေသခံတွေက C8 News ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ကာ ခမရ (၅၉၉) နဲ့ မုန်းမြို့ရဲစခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့ နေ့လယ် ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“ပဲခူးတိုင်းအရှေ့ခြမ်း မုန်းမြို့အခြေစိုက် စစ်စခန်းများကို မနေ့ညကစတင်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေတာ။လက်ရှိအချိန်အထိ မုန်းမြို့ ရဲစခန်းနဲ့ မုန်းမြို့အဝင်တံတားက ကင်းစခန်းတွေ ဆုတ်ခွာပေးလိုက်ရပြီ။စစ်တပ်ကလည်း လေကြောင်းကနေ လာပြီးပစ်နေတာတွေရှိတယ်။ တပ်ထဲမှာတော့ စစ်သားတွေ မရှိ‌တော့ဘူးလို့ ပြောနေကြတယ်” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မုန်းမြို့ရဲစခန်းနဲ့ ခမရ (၅၉၉)တပ်ကို KNLA၊ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောသလို စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်အကောင့်တွေကလည်း တိုက်ခိုက်ခံနေရတဲ့အကြောင်း ရေးသားနေကြပေမယ့် စခန်းသိမ်းထားနိုင်သလားဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *