Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၈)

၁၀၃ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ မော်လမြိုင်အချုပ်ထောင်မှာ တပ်မတော်အက်ဥပဒေနဲ့ အကျဉ်းကျခံနေရတဲ့ စစ်သားဟောင်း ၃၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး တပ်ထိန်းတွေက ကားနဲ့လာခေါ်သွားတယ်လို့ မော်လမြိုင်အချုပ်ထောင် နီးစပ်သူတွေဆီက သိရပါတယ်။

“မနေ့က(ဒီဇင်ဘာ၇)ရက်နေ့ စစ်သားယောက် ၃၂ ယောက်ကို ခံဝန်နဲ့လွှတ်ပေးတယ်၊ ခံဝန်မှာ တပ်ထဲပြန်ဝင်ပြီး စစ်မှုထမ်းမယ်ဆိုတဲ့ အချက်ပါတယ်လို့တော့ ကြားတယ်၊ အရင်က တပ်မတော်အက်ဥပဒေနဲ့ လွတ်လွတ်ဘာနဲ့ လွတ်လွတ် ကိုယ့်အစီစဉ်နဲ့ ကိုယ်ပြန်ရတာ၊ မနေ့ကလွတ်တဲ့ စစ်သားတွေကိုတော့ တပ်ထိန်းက ကားနဲ့လာခေါ်သွားတယ်” လို့ မော်လမြိုင်အချုပ်ထောင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်မှာ ကျရောက်တဲ့ ၁၀၃ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ စစ်ကောင်စီက တပ်မတော်အက်ဥပဒေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ စစ်သားဟောင်းတွေကိုလည်း တပ်မတော်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့အတွက် လွှတ်ပေးခဲ့တာဖြစ်ပြီး မော်လမြိုင်အချုပ်ထောင် တစ်နေရာထဲကနေ စစ်သားဟောင်း ၃၂ ယောက်ပါဝင်တယ်လို့ သိရပါတယ်။

တမအ၃၇(၁)၊ တမအ၆၅၊ တမအ-၇၁/ရာ၃၂၄၊ တမအ-၆၅/၄၇(၂) နဲ့ ပြစ်ဒဏ်ကျနေသူတွေ စစ်ပြေးမှု၊ စည်းကမ်းဖောက်ဖျက်မှု၊ စစ်မှုထမ်းချိန်မှာ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို လွှတ်ပေးခဲ့တာဖြစ်ပြီး အရင်ရာထူးကို တဆင့်တိုးပေးပြီး စစ်သားအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်စေခဲ့တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း အခုအချိန်အထိ စစ်သား ၁၃ဝဝဝ လောက်တိုက်ပွဲတွေမှာ သေဆုံးခဲ့သလို ထွက်ပြေးသူတွေ၊ ပြည်သူ့ဘက်ပြောင်းခိုလှုံသူလည်း ရှစ်ထောင်လောက်ရှိနေလို့ စစ်ကောင်စီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ စုစုပေါင်းအင်အား ၂၁ဝဝဝ လောက်ဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန် စစ်တပ်မှာအင်အား တစ်သိန်းကျော်သာ ရှိတော့တယ်လို့ ပညာရှင်တွေကပြောပါတယ်။

အခုလဒီဇင်ဘာ ၃ ရက်နေ့မှာ စစ်ကောင်စီက သတ်မှတ်ကာလနဲ့အကျုံးဝင်တဲ့ ခွင့်မဲ့/စစ်ပြေးတွေကို တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ဆန္ဒပြုပါက လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *