Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၈)

နယ်စပ်ဒေသတွေ၊ တိုင်ရင်းသားဒေသတွေနဲ့ ခုခံတော်လှန်စစ် အင်အားကောင်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ စစ်ရာဇဝတ်မှုတွေ နေ့တိုင်းနီးပါး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်နေပေမယ့် စစ်တပ်က ပြည်သူကိုကာကွယ်စောင့်ရှောက်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

မနေ့(ဒီဇင်ဘာ၇)ရက်ညနေ့က ထုတ်ပြန်တဲ့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်မှာ သူရဲ့ ပြောကြားချက်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

“ပြည်သူတွေပူးပေါင်းပါဝင်မှသာ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ခုဖြစ်လာမှာပါ၊ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတာကို အမြဲတမ်းတွေးတောနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်၊ အဲ့ဒီလိုကာကွယ်နေတာကို ပါးစပ်ချည်းသက်သက်မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြနေပါတယ်” လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပိုပြီးပြင်းထန်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းဖို့ အားလုံးဝိုင်းကူကြပါလို့ သူကပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင် လက်နက်ကိုင် ပဋိပက္ခများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခ အမြန်ချုပ်ငြိမ်းဖို့ဆိုတာဟာ တပ်မတော် ၊ လုံခြုံရေးတပ်ဖွဲ့များအပြင် ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါဝင်မှု အရေးကြီးပါတယ် ” လို့ သူကပြောပါတယ်။

အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထား အင်အားသုံး ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ဖမ်းဆီးထားတဲ့ အရပ်သားတွေ ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေလို့ ကျူးလွန်သူတစ်ယောက်ခြင်းစီမှာ တာဝန်ရှိနေပြီး တရားရုံးတွေမှာ အမှုစွဲဆိုနိုင်ရေး တည်ဆောက်နေတယ်လို့ IIMM ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *