Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၉)

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေရဲစခန်းနားက သီတာလမ်းထိပ်မှာ မနေ့(ဒီဇင်ဘာ၈)ရက် ညနေက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားတဲ့အနေနဲ့ တာယာကွင်းတွေမီးရှို့ ဆန္ဒပြနေချိန် စစ်တပ်ကပစ်ခတ်လို့ လူငယ်(၂)ယောက်သေဆုံးခဲ့ရပြီး (၂) ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကြောင့် ဖြစ်လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုနဲ့ စက်သုံးဆီလုံလောက်စွာမရရှိမှု စတဲ့ ပြည်သူလူထုခံစားနေရတဲ့ အထွေထွေအကျပ်အတည်းတွေကို ရည်ရွယ်ပြီး လူထုနဲ့အတူ ရှိနေတာကို ပြသတဲ့အနေနဲ့ ရန်ကုန်မြို့ သပိတ်အင်အားစုတွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလိုမီးရှို့ဆန္ဒပြနေချိန် အရပ်ဝတ် ဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားတဲ့ လူတချို့က ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြပွဲမှာပါဝင်တဲ့ လူငယ်(၂)ယောက်သေဆုံးခဲ့ရပြီး (၂)ယောက်ဖမ်းဆီးခံခဲ့ရတာပါ။

C8 News ကရရှိထားတဲ့ စစ်ကောင်စီရဲ့ ကနဦးကြေးနန်းစာမှာတော့ “ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၆:၃၀ ချိန်ခန့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်ကရပ်ကွက်၊ အာသောကလမ်းအနီး စီစစ်ဆဲယာဉ်ပေါ်မှ တာယာကွင်းချ၍ မီးရိူဆန္ဒထုပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေရာ တာမွေမြို့နယ်၊ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း ကားမှတ်တိုင်အနီး ဆန္ဒပြလူငယ်(၄)ဦးအား တွေ့ရှိ ၍ ပစ်ခတ်ဖမ်းဆီးရာ (၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိပြီး၊ (၄)ဦးလုံးဖမ်းဆီးရမိပြီး ယင်းတို့ထံမှ လက်လုပ်ဗုံး(၂)လုံးတွေ့ရှိကြောင်း ကနဦးသတင်းရရှိ” လို့ဖော်ပြထားပေမယ့် မျက်မြင်သက်သေ ဒေသခံပြည်သူတွေပြောပြချက်အရတော့ သေနတ်ထိမှန်ထားတဲ့ လူငယ်(၂)ယောက်ဟာ သွေးထွက်လွန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ပြောပါတယ်။

တာမွေမြို့နယ်၊ သီတာလမ်းထိပ် ဆန္ဒပြပွဲမှာ ဆန္ဒပြ လူငယ် (၂) ယောက်ကို စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ရပြီး သပိတ်အဖွဲ့ဝင်လူငယ်တချို့ အဖမ်းခံရတယ်လို့ ရန်ကုန်မြို့ သပိတ်အင်အားစုက အတည်ပြုပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *