Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၉)

ရန်ကုန်တိုင်း၊ အင်းစိန်ကမ်းနားက စစ်တပ်လက်ကိုင်တုတ် ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန် ကို လူမိုက်အချင်းချင်း သတ်ဖြတ်တာလို့ နီးစပ်သူတွေ ပြောပါတယ်။

“သိရသလောက်တော့ ကြည့်မြင်တိုင် လူမိုက် ငမျိုးနဲ့ စနေ ကခုတ်တာ၊ သူတို့ဆရာ ဆန်နီ ကို ကျော်ဝင်းစိန် က ကားကိစ္စမှာ ကျော်ထားတာရှိလို့ လက်တုန့်ပြန်တာ၊ ကျော်ဝင်းစိန် က ဇောင်ထနေတာကြာပြီ စစ်တပ်အားကိုးနဲ့ ဂွင်ကျော်နေလို့ အပိုင်ထဲမှာ လူရင်းနဲ့မျှားပြီး ခုတ်တာ၊ ဒီပွဲကမပြီးသေးဘူး ကျော်ဝင်းစိန် မှာ ညီနှစ်ကောင်ရှိတယ်၊ ကျင်ဟုတ်နဲ့ သန်းမင်းအောင် သူတို့ကငြိမ်နေမှာ မဟုတ်ဘူး၊ ရန်ကုန်လူမိုက်လောကမှာ ထပ်ရှုပ်တော့မယ်” လို့ ရန်ကုန် လူမိုက်လောကမှာ နှစ်ပေါင်းသုံးဆယ်ကျော် ကျင်လည်ခဲ့သူက C8News ကို ပြောပါတယ်။

မနေ့(ဒီဇင်ဘာ၈)ရက် ညနေက အင်းစိန်ကမ်းနားမှာ စစ်တပ်လက်ကိုင်တုတ် ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန် ကို ကြည့်မြင်တိုင်မြို့နယ်အတွင်းမှာ နယ်မြေခံလူမိုက်ဆိုသူတွေက ဓားနဲ့ခုတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လွှတ်လာတဲ့ ထောင်ဒဏ် ၇၀ နှစ်ကျော် ကျခံနေရတဲ့ အင်းစိန်လူမိုက် ကျော်ဝင်းစိန် ဟာ စစ်တပ်သတင်းပေး၊ မူးယစ်ဆေးဝါးရောင်းချသူ၊ ပျူစောထီးခေါင်းဆောင်၊ တရားမဝင်လုပ်ငန်းတွေကို လိုင်းကြေးကောက်သူ၊ ရပ်ကွက်အတွင်းက နိုင်ငံရေးဆက်နွယ်သူတွေကို စစ်တပ်ကို သတင်းပေးတိုင်ကြားတာတွေ လုပ်နေတာကြောင့် ရန်ကုန်လူမိုက်လောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေသူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လူမိုက် ကျော်ဝင်းစိန် နဲ့ ညီအကိုတော်စပ်တဲ့ ကျင်ဟုတ်နဲ့ သန်းမင်းအောင် တို့အဖွဲ့ကို စစ်တပ်က လက်နက်တွေ ထောက်ပံ့ပေးထားတယ်လို့ သတင်းတွေထွက်နေပေမယ့် C8News အနေနဲ့ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *