Spread the love

ရှမ်း၊ဒီဇင်ဘာ(၁၀)

၁၀၂၇စစ်ဆင်ရေး (၄၄) ရက်မြောက်နေ့ကို ရောက်ရှိတဲ့အထိ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ စစ်ဆင်ရေးကို တစ်ရက်မှ ရပ်နားတာမရှိဘဲ သတ်မှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုချိန်ကာလဟာ ၁၀၂၇စစ်ဆင်ရေးရဲ့ ဒုတိယအဆင့်ကို အကောင်အထည် ဖော်နေတာဖြစ်ပြီး စစ်ဆင်ရေးဒုတိယအဆင့်မှာ မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီကို ရရာနည်းလမ်းနဲ့ ရောက်ရှိနေတဲ့နေရာကနေ တော်လှန်ပုန်ကန်ကြဖို့ ညီနောင်အဖွဲ့တိုက်တွန်း ထုတ်ပြန်လိုက်တာပါ။

စစ်ဆင်ရေး ဒုတိယအဆင့်မှာ ပြည်သူတစ်ယောက်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှုဟာ အထူးအရေးကြီးပါတယ်၊ ပြည်သူတစ်ယောက်ချင်းစီက ပြည်သူအားလုံးအထိ စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်တာဟာ စစ်ဆင်ရေးဒုတိယအဆင့်ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပြီး ပူးပေါင်းပါဝင်ကြဖို့ ညီနောင်(၃)ဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှဟာ ဒီနေ့အချိန်မှာ ပုံစံတစ်မျိုးမျိုးနဲ့ ပါဝင်နေပြီးဖြစ်နေရမယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က သတိပေးထားပါတယ်။

မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရည်မှန်းချက်ဟာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး ရည်မှန်းချက်တွေကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *