Spread the love

ပဲခူး၊ဒီဇင်ဘာ(၁၁)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က (၁၀)ယောက်သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က (၁၂၀)ကျော်သေဆုံးခဲ့ရတယ်လို့ KNU ဗဟို ဆီကသိရပါတယ်။

ဖားစည်ဟိန်းသံနဲ့ ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ အဲ့ဒီစစ်ဆင်ရေးဟာ အခုဒီဇင်ဘာ(၂)ရက်နေ့စပြီး ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နဲ့ မုန်းမြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ကော့ပြင်းတပ်စခန်းတွေကို KNLA ၊ PDF ၊ BPLA ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၂၀ ကျော်သေဆုံးပြီး ၅၀ လောက်ဒဏ်ရာရရှိခဲ့သလိုသလို KNLA ပူးပေါင်းတပ်က ၁၀ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မုန်းမြို့တိုက်ပွဲမှာ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်နဲ့ မိသားစုဝင် စုစုပေါင်း ၅၈ ယောက် လက်နက်ချအလင်းဝင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီအနေနဲ့ မုန်းမြို့ကို ပြန်လည်ရရှိဖို့ လေကြောင်းက တိုက်ခိုက်နေသလို မြေပြင်ကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *