Spread the love

ဆမီး၊ ‌ဒီဇင်ဘာ (၁၇)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆမီးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေလို့ ဒေသခံအားလုံးနီးပါး တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“ဟိုဘက်ဒီဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ထုကြတယ်။ အနီးကပ်တိုက်ပွဲတွေ ဖြစ်လာတော့ မြို့ကလူတွေလည်း ကြောက်ပြီး အကုန်ပြေးကုန်ကြပြီ” လို့ ဆမီးဒေသခံယောက်က C8 News ကိုပြောပါတယ်။

စစ်ကောင်စီက အခိုင်အမာ စခန်းချထားတဲ့ “ဗျူဟာကုန်း” ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ (၁၄) ရက်မှာ စတင် ထိုးစစ်ဆင်နေလို့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံစစ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားလို့ ဆက်သွယ်မှု ရရှိရန် တောင်ထိပ်ပေါ်ကို တက်ရောက်ကာ ဖုန်းပြောဆိုနေရပြီး ဖုန်းအားဖြည့်ဖို့ အခက်အခဲကြောင့် အရေးကြီးမှသာ ဖုန်းဖွင့်ကာ ဆက်သွယ်နေရတယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်ကနေ သိမ်းပိုက်ထားတဲ့ “နှူးဘူးဗျူဟာ” စခန်းသိမ်းတိုက်ပွဲအတွင်း အဓိက ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *