Spread the love

“အညာသား” တွေလို့ ခေါ်ဝေါ်တဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ ကိုယ့်ဆန်ကိုယ်စားကာ စစ်ကောင်စီကို ရရာ လက်နက် ကိုင်ဆွဲပြီး တွန်းလှန် တိုက်ခိုက်နေတာ အခုဆို (၃) နှစ်နီးပါးရှိပါပြီ။ မြန်မာနိုင်ငံရဲ့ မြောက်ဘက် အရပ်မှာ နေထိုင်သူတွေကို “အညာသား” တွေလို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကိုင်းပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖွဲ့စည်းပြီး “စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်း” ဆိုကာ ကြွေးကြော်ပြီး နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်ခဲ့ကြတာပါ။

စစ်ကောင်စီနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဆင်နွှဲနေရပေမယ့် တိုက်ပွဲတွေ ချုပ်ငြိမ်းသွားတဲ့အချိန်မှာ တိုင်းရင်းသား တွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်ဖို့ကိုလည်း စစ်ကိုင်း PDF တွေက မျှော် လင့်နေကြပါတယ်။

စစ်ကိုင်း PDF တွေရဲ့ ဖက်ဒရယ် မျှော်လင့်ချက်

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ် ကောင်စီကို တွန်းလှန်နေသလို တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ တစ်ပြိုင်ထဲ ဟန်ချက်ညီညီလုပ်ဆောင်ဖို့ လိုပါတယ်။  

အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေကြားမှာ အားလုံးလက်ခံနိုင်တဲ့ ဘုံသဘောတူချက်တွေ မရရှိထားဘူး ဆိုရင် စစ်ရေးအောင်မြင်သွားရင်တောင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရမယ့် အကြောင်းအရာတွေ ထပ်ရှိလာမှာပါ။  

“တိုင်းရင်းသားပြည်နယ် ဘယ်လောက်ရှိရှိ တိုင်းရင်းသားလူမျိုးစု ဘယ်လောက်ရှိပါစေ။ သူ့ပြည်နယ် သူ့လူမျိုး ကို အခြေခံတဲ့ ဖက်ဒရယ် အစစ်ကို မျှော်လင့်တယ်။ လိုလည်း လိုချင်တယ်။ ရလည်း ရမယ်လို့ ထင်ပါတယ်။” လို့ ကျားသစ်နက်တပ်မတော် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ကိုပေကြီး က ပြောပါ တယ်။

ကျားသစ်နက်တပ်မတော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံတပ်ရင်းတွေထဲက တစ်ခုပါ။

ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေ အတူတကွ စုပေါင်းဖွဲ့စည်းတဲ့ နိုင်ငံရေးအုပ်ချုပ်ပုံ နည်းစနစ်တစ်မျိုးပါ။ ဖက်ဒရယ်မှာ အစိုးရနှစ်မျိုးရှိပြီး။ အဲဒီ အစိုးရ နှစ်ခုကြားမှာ အာဏာခွဲဝေ ကျင့်သုံး အုပ်ချုပ်ပါတယ်။ ဖက်ဒရယ်အစိုးရလို့ခေါ်တဲ့ ဗဟိုအစိုးရက တစ်နိုင်ငံလုံး အရေးကိစ္စ အကျိုးစီးပွားကို အဓိက လုပ်ဆောင်ပြီး တိုင်ရင်းသားပြည်နယ်တွေက အစိုးရတွေက ကိုယ့်ပြည်နယ်နဲ့ ဆိုင်တဲ့ ကိစ္စတွေကို အဓိက ထား လုပ်ဆောင်ပါတယ်။

“အပွင့်လင်းဆုံးပြောရရင် သူတို့ကို မျက်နှာဇာမပေးတာ နှိမ်တာ၊ အနှိမ့်ခံထားရတဲ့ ပုံစံမျိုး တိုင်းရင်းသားတွေမှာ ရှိတယ်ဗျ။ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကြီးမှာ ခေတ်အဆက်ဆက် ဗမာကြီးစိုးရေး အယူဝါဒ (Burman chauvinism) ဖြစ်တဲ့အခါကြတော့ နှစ်ပေါင်းက ကြာပြီလေ။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒ ရယ်ကို ပေးသင့် တယ်။” လို့ သခင်ဒေါင်းညို ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဗျူဟာမှူး သခင်ဒေါင်းညို ကပြော ပါတယ်။

သခင်ဒေါင်းညို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီးမှာ အခြေစိုက်တဲ့ တပ်ဖွဲ့ ဖြစ် ပါတယ်။

ဖက်ဒရယ်ဆိုတာ တိုင်းပြည် ပြိုကွဲရေးဖြစ်တယ်၊ ခွဲထွက်ရေးဖြစ်တယ်ဆိုတာ စစ်တပ်က ၁၉၆၂ အာဏာသိမ်းပြီး ကတည်းက တောက်လျှောက် ဝါဒဖြန့်လာခဲ့တာြဖစ်ပြီး အမှန်က တိုင်းရင်းသားတွေဟာ ခွဲထွက်ဖို့အတွက် ဖယ်ဒရယ် ကို တောင်းဆိုတာ မဟုတ်ဘူးဆိုတာ သမိုင်းက သက်သေခံနေပါတယ်။

၁၉၄၇ အခြေခံဥပဒေ အခန်း (၁၀) မှာ ပြည်နယ်တွေဟာ လွတ်လပ်ရေးရပြီး (၁၀) နှစ်အကြာ ခွဲထွက်လိုက ခွဲထွက်နိုင်ကြောင်း ပြဌာန်းပါရှိပေမယ့် တိုင်းရင်းသားတွေက ခွဲထွက်တဲ့လမ်းကို မရွေးဘဲ ဖက်ဒရယ်စစ်စစ် စနစ်ကျင်သုံးရေးအတွက် ဖက်ဒရယ် လှုပ်ရှားမှုကို ၁၉၅၈ ကတည်းက လုပ်ဆောင်ခဲ့ပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ် (၃၃၀) တက်ရောက်ခဲ့တဲ့ ၁၉၆၁ ဇွန်လ (၈) ရက်ကနေ (၁၆) ရက်နေ့အထိ ကျင်းပတဲ့ တောင်ကြီးညီလာခံဟာ ဖက်ဒရယ် လှုပ်ရှားမှုဟာ ထင်ရှားလူသိများပါတယ်။

အဲဒီကတဆင့် ၁၉၆၂ ဖေဖေါ်ဝါရီ  (၂၄)ရက်ကနေ မတ်လ( ၂) ရက်နေ့အထိ ဖက်ဒရယ်ဆီမီနာ (federal seminar) ကို ရန်ကုန်မှာ ကျင်းပပြီး ဖက်ဒရယ်စစ်စစ်ကို သွားဖို့ဆွေးနွေးနေကြတယ်။ မတ်လ (၂) ရက် နောက်ဆုံးနေ့မှာ ဝန်ကြီး ချုပ်ဦးနုက ဖက်ဒရယ်ဆီမီနာမှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဖက်ဒရယ်စစ်စစ်ကို ဦးနုက လက်ခံဖို့ မျှော်လင့်ထားတယ်။ မိန့်ခွန်း မပြောရခင် နာရီပိုင်းအလို မတ်လ (၂) မနက်အစောပိုင်းမှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်ပါတယ်။

အဲဒီကတည်းက ဖက်ဒရယ်ဆိုတာ တိုင်းပြည်ဖြိုခွဲရေးဆိုပြီး စစ်တပ်က တောက်လျှောက် ဝါဖြန့်လာတာ။ အမှန်က ၁၉၅၈-၆၂ ဖက်ဒရယ် လှုပ်ရှားမှုဆိုတာ တိုင်းပြည်က မခွဲထွက်ချင်လို့ ဖက်ဒရယ်စစ်စစ် တောင်းဆိုတဲ့ လှုပ်ရှားမှုဆိုတာ သမိုင်းက သက်သေခံနေပါတယ်။

ဖက်ဒရယ်ဆိုတာ ပြိုကွဲတယ်၊ ခွဲထွက်တယ်ဆိုတာ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ ဝါဒဖြန့်လှုံဆော်ခဲ့တဲ့ လက်သုံးစကားတစ်ခုဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ မတူစုံလင်ကွဲ ပြားမှုတွေရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ အမှန်တကယ် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင် ကျင့်သုံး သင့်ပါတယ်။ 

“လူမျိုးတစ်ခုမှာ လူတစ်ရာပဲရှိလည်း အဲ့တစ်ရာကို လူမျိုးစု တစ်ခုအနေနဲ့ အသိအမှတ် ပြုသင့်ပါတယ်။ လူမျိုးစု တွေရဲ့ ဆန္ဒတွေ သဘောထားတွေ ရိုးရာတွေ ယဉ်ကျေးမှုတွေကို လိုက်နာရမယ်။ အလေးထားပေးရမယ်။” ကျား သစ်နက်တပ်မတော် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ကိုပေကြီး က ပြောပါတယ်။

အနာဂတ်မှာ ဖက်ဒရယ် တကယ်ရမှာလား

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအနှံ့က ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့တဲ့အချိန်မှာ “ဖက်ဒရယ် စနစ်ပေါ်ပေါက်ရေး” ဆိုတဲ့ ကြွေးကြော်ချက်ဟာလည်း အမှန်တကယ် ပြည်သူလူထုတွေ လိုချင်တဲ့ ဆန္ဒထုတ် ဖော်မှု တစ်ခုဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အမှန်တကယ် အနာဂတ်မှာ ဖက်ဒရယ်စနစ်ကို သွားမယ့်လို မျှော်မှန်းထားပါက နွေဦးတော်လှန်ရေး ကာလမှာ ဖက်ဒရယ်စနစ်ကို မျှော်ရည်တဲ့ ဆောင်ရွက်ချက်တွေ ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

“သမိုင်းမှာ မကြုံစဖူးလောက်အောင် မဟာမိတ်တွေ ရဲ့စုစည်းနိုင်မှု၊ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ပြိုနေမှု၊ တပ်ပျက်နေမှုတွေကို အကောင်းဆုံး အသုံးချပြီးစစ်ရေး၊ နိုင်ငံရေး စုစည်းမှုအားကောင်းကောင်းနဲ့ ရှေ့ဆက် လှမ်းကြဖို့ တိုက်တွန်းချင်တယ်။ စစ်ရေးအရှိန်အဟုန်ဟာ အားကောင်းကောင်းနဲ့ သွားနေတာမို့ နိုင်ငံရေးအရ ပြင်ဆင်မှုတွေလည်း တပြိုင်နက်မြန်မြန်ဆန်ဆန် စီမံဆောင်ရွက်ကြဖို့ လိုအပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၁) ရက်နေ့မှာ   ပြုလုပ်ခဲ့တဲ့ NUG အစည်း အဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (၃) ခုဟာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် အဓိကကျတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုပ်ဆောင်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ (၂၇) ရက်နေ့က ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲဖို့ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနေတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေဟာ သူတို့နဲ့ တိုင်ပင် လုပ်ဆောင်ခြင်း မရှိဖူးဆိုတဲ့ ဝေဖန်သံတွေရှိနေပေမယ့် အခုချိန်မှာ အများသဘောတူ လုပ်ဆောင်ဖို့ အရေးကြီးတာကိုတော့ သတိချပ်ဖို့ လိုပါတယ်။

ဖက်ဒရယ်စနစ်ကို ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အချိန်ဆွဲ ခရီးဖင့်တာမျိုးမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကနေ ခိုင်မာ တည်ကျတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး တည်ဆောက်ရေးကာလကို သွားသင့်ပါတယ်။

“နွေဦးတော်လှန်ရေးပြီးသွားရင် တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို သွားနိုင်မလားဆိုတာ အဲ့ဒါက ပြောဖို့နည်းနည်းခက်တယ်။ တာဝန်ရှိသူတွေနဲ့ ဆိုင်သွားပြီလို့ ထင်တယ်။” လို့ သခင်ဒေါင်းညို ပြည်သူကာကွယ် ရေးတပ်ဖွဲ့က ဗျူဟာမှူး သခင်ဒေါင်းညို က ပြောပါတယ်။ လက်ရှိအချိန်မှာ သခင်ဒေါင်းညို ပြည်သူကာကွယ် ရေးတပ်ဖွဲ့ဟာ NUG အစိုးရဆီမှာ တပ်ရင်းကဒ်နံပါတ် ရရှိဖို့ လျှောက်ထားဆဲအဖွဲ့ပါ။

“တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရချင်ခဲ့တာပေါ့။ တစ်သက်လုံးဒီလို ဖြစ်မလာတော့ တိုင်းရင်းသားတွေက တောင်းဆိုရတာပေါ့။” လို့ သူက ဆိုပါတယ်။

စစ်ကိုင်းဖိုရမ်အပေါ် စစ်ကိုင်း PDF တွေရဲ့ အမြင်

အာဏာသိမ်း စစ်ကောင်စီကို တွန်းလှန်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက တော်လှန်ရေးအင်အားစုတွေဟာ စစ်ကိုင်းဖိုရမ် အမည်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလက ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။

“စစ်ကိုင်းဖိုရမ်က စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးစုဖွဲ့မှုတစ်ခု ကြိုးပမ်းတဲ့နေရာမှာ စိန်ခေါ်မှုတွေအများကြီး ရင် ဆိုင်ခဲ့ရတယ်။အကြီးမားဆုံးစိန်ခေါ်မှုက ရွေးကောက်ခံအစုဖွဲ့တွေနဲ့ ညှိနှိုင်းရတဲ့ကိစွဖြစ်ပြီး ရွေးကောက်ခံ အစုဖွဲ့တွေအနေနဲ့ လက်ရှိအချိန်ထိ စစ်ကိုင်းဖိုရမ်မှာ ပါဝင်တက်ရောက်ဆွေးနွေးတာ မရှိသေးပါဘူး။ ဒါကြောင့်‌ ေရွးကောက်ခံအစုဖွဲ့တွေက ဘာဖြစ်ချင်တာ ဘယ်လိုသွားချင်တာလဲကို ဆက်လက်ညှိနှိုင်းဖို့တော့လိုပါတယ်။” လို့ သူကပြောပါတယ်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ် ကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ နဲ့ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက တော်လှန်ရေးအင်အားစု အဖွဲ့အစည်း (၁၇၀) ကျော်ဟာ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရ အုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍ စုစုပေါင်း ကဏ္ဍ (၄) ခုကို ဆွေးနွေးခဲ့ကြတာပါ။

“အနာဂတ်မှာ ဖက်ဒရယ်စနစ်နဲ့ သွားရဖို့ဆိုတာ လက်ရှိနိုင်ငံရေးမှာ ပါဝင်နေကြတဲ့ အဓိကကျသူတွေ၊ တော်လှန် ရေးသမားတစ်ဦး တစ်ယောက်ခြင်းဆီရဲ့ ဖက်ဒရယ်အပေါ် အာသီသ စိတ်ဆန္ဒပြင်းပြမှုပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ တကယ်တော့ လူတွေက ပိုအဓိကကျပါတယ်။” စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေ ကပြောပါတယ်။

အရင်က NUG အစိုးရအနေနဲ့ ပြည်နယ်တွေကိုသာ ရှေးရှုပြီး နိုင်ငံရေးစုဖွဲ့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပထမအကြိမ် စစ်ကိုင်းဖိုရမ် ပြုလုပ်ပြီးနောက်မှာတော့ တိုင်းဒေသကြီးတွေကိုပါ ပြည်နယ်ဖက်ဒရယ်ယူနစ်လို ရှုမြင်လာပြီး နိုင်ငံရေး စုဖွဲ့တာတွေ လုပ်ဖို့ လိုအပ်တယ်လို့ NUG ခေါင်းဆောင်တချို့က ပြောကြားတာကို တွေ့မြင်လာရ ပါတယ်။

“တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး တစ်မိုးအောက်ထဲမှာ သွားဖို့အတွက် ညှိနှိုင်းတိုင်ပင် ဆွေးနွေး တဲ့သဘောပေါ့ဗျာ။ ဆွေးနွေးတာတွေ လုပ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချတာပေါ့။ စဉ်းစားစရာတွေ ရလာမယ်။ တော်လှန်ရေးအင်အားစုအတွက်လည်း အကျိုးရှိတာပေါ့။ ကောင်းပါတယ်။” လို့ သခင်ဒေါင်းညို ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့က ဗျူဟာမှူး သခင်ဒေါင်းညို ကပြောပါတယ်။

အခုနှစ် (၂၀၂၃) မကုန်ခင်မှာ ဒုတိယအကြိမ်မြောက် စစ်ကိုင်းဖိုရမ်ကို ကျင်းပနိုင်ဖို့ လုပ်ဆောင်နေပြီး အခုတစ်ခေါက်မှာ စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးအရ စုဖွဲ့မှုတစ်ခု ပေါ်ထွန်းလာတဲ့အထိ ရလဒ်ထွက်ဖို့ မျှော်မှန်းနေကြပါတယ်။ 

“အပြန်အလှန် လေးလေးစားစားနဲ့ ဖက်ဒရယ်ရဲ့စနစ်က သွားရမှာဗျ။ ဘယ်အဖွဲ့အစည်းက ဖက်ဒရယ် စနစ်လို့ ကြေညာကြေညာ ဘယ်လမ်းကြောင်းကို သွားသွား အများလက်ခံ အများကျေနပ်နိုင်တဲ့ နည်းစနစ်နဲ့သွားရင် အောင်မြင်လိမ့်မယ်လို့ ယူဆပါတယ်။” လို့ ကျားသစ်နက်တပ်မတော် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးတာဝန်ခံ ကိုပေကြီး က ပြောပါတယ်။

ကျားသစ်နက်တပ်မတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ရေးလှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

“အရွေ့ကောင်းဆိုရင်တော့ ကျွန်တော်တို့ လက်ခုတ်တီးပေးရမှာပေါ့။ လက်ခုတ်တီးကြမှာတော့ သေချာပါ တယ်။” ကျားသစ်နက်တပ်မတော် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ကိုပေကြီး က ပြောပါတယ်။

နွေဦးတော်လှန်ရေး စတင်ထဲက ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေအထိ အတက်ကြွဆုံးပါဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်းက PDF တွေ မျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ အနာဂတ်မှာ မြန်မာနိုင်ငံကို မျက်ဝါးထင်ထင် မြင်တွေ့ရမလားဆိုတာက တော်လှန်ရေးပြီးဆုံးတဲ့အချိန် တွေ့မြင်ရမှာပါ။

ချယ်ရီ

Leave a Reply

Your email address will not be published. Required fields are marked *