Spread the love

ပရီတိုးရီးယား(တောင်အာဖရိက)၊ ဇန်နဝါရီ (၁၁)

လူမျိုးသုဉ်းသတ်ဖြတ်မှုကို အစ္စရေးကျူးလွန်တယ်ဆိုပြီး တောင်အာဖရိကစွပ်စွဲချက်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်စေပြီး သံတမန်ရေးရာ တင်းမာလာစေခဲ့ပါတယ်။

တောင်အာဖရိက တင်သွင်းတဲ့ အဲဒီအမှုကို ကုလသမဂ္ဂရဲ့အမြင့်ဆုံး ဥပဒေအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာတရားရုံး (ICJ) က အခုသီတင်းပတ်ထဲမှာ ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ အဓိကစွပ်စွဲချက်ကတော့ ဂါဇာကမ်းမြောင် ထိုးစစ်ဆင်မှုအတွင်း ပါလက်စတိုင်းလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်တာကို အစ္စရေး ကျူးလွန်တယ်လို့ ဆိုထားပါတယ်။ စွပ်စွဲချက်နဲ့အတူ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေလည်း ချက်ချင်းရပ်ဆိုင်းပေးထားဖို့ တောင်းဆိုထားတာလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က “အဲဒီတရားစွဲဆိုမှုဟာ အခြေအမြစ်မရှိဘဲ ဖြစ်ရပ်မှန်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်” ဆိုပြီး အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ ကပြောကြားထားပါတယ်။

အစ္စရေးကလည်း “ဒီအမှုတင်သွင်းတာဟာ သွေးထွက်သံယိုမှု အသရေဖျက်ခြင်း (blood libel)သာ ဖြစ်တယ်” ဆိုပြီး ပယ်ချခဲ့ပါတယ်။ (blood libel ဆိုတာဟာ ဂျူးလူမျိုးတွေရဲ့ ဘာသာရေးထုံးတမ်းတွေမှာ ခရစ်ယာန်တွေရဲ့သွေးတွေကို သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်ဟာ အလယ်ခေတ်တလျှောက်နဲ့ ၂၀ ရာစုအစောပိုင်းအထိ (ကြိုကြားကြိုကြား) ထွက်ပေါ်ခဲ့ဖူးပါတယ် – ဘာသာပြန်စကားချပ်)
ဒါဟာ ရုရှား၊ တရုတ်တို့နဲ့ နီးစပ်လွန်းတယ်လို့ အမေရိကန်ယူဆထားတဲ့အတိုင်း တောင်အာဖရိ-အမေရိကန်တို့ သဘောထားကွဲလွဲမှုတွေထဲက နောက်ဆုံးသဘောထားကွဲလွဲမှုလို့ ဆိုရမှာပါ။

၂၀၂၃ ခုနှစ်၊ မေလတုန်းက တောင်အာဖရိကဆိုင်ရာ အမေရိကန်သံအမတ် Reuben Brigety ကနေ “ရုရှားအတွက် တောင်အာဖရိက ကုန်တင်သင်္ဘောနဲ့ လက်နက်တင်ပို့နေတယ်” ဆိုပြီး စွပ်စွဲခဲ့ရာမှာ ခိုင်လုံအထောက်အထား မတွေ့ရပေမဲ့ တောင်အာဖရိကနဲ့ အမေရိကန်တို့ရဲ့ သမိုင်းဝင်ဆက်ဆံရေးဟာ ဒီကနေ့အထိ တင်းမာနေဆဲဖြစ်ပါတယ်။

အဲဒီမတိုင်မီကလည်း Reuben Brigety နဲ့ တခြားအမေရိကန်အစိုးရ တာဝန်ရှိသူတွေက “ယူကရိန်းစစ်မှာ ဘက်မလိုက်မူဝါဒကျင့်သုံးတဲ့ တောင်အာဖရိကကို အကြိမ်ကြိမ်ဝေဖန်ခဲ့ကြပြီး ရုရှားဘက်ယိမ်းကြောင်း” အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။

တောင်အာဖရိကသမ္မတ စီရယ်ရာမာဖိုဆာက အပေါ်ကစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး “မိမိအစိုးရဟာ ရုရှား၏ ကျူးကျော်မှုကို မထောက်ခံကြောင်း” ထပ်မံရှင်းလင်းခဲ့ပါတယ်။

ဒါပေမဲ့လည်း Chatham House ရဲ့ အာဖရိကအစီအစဉ် အကြီးတန်းသုတေသနမှူး ခရစ္စဗန်ဒွန်း (Chris Vandome) က ဇန်နဝါရီ (၈) ရက်က CNBC မီဒီယာကိုပြောကြားရာမှာ “ဂါဇာကမ်းမြောင်ရှိ ပဋိပက္ခဟာ အမေရိကန်-တောင်အာဖရိက ဆက်ဆံရေးအပေါ် များစွာထိခိုက်စေကြောင်း” မှတ်ချက်ချခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တောင်အာဖရိကဟာ ရုရှား-ယူကရိန်းစစ်ပွဲအပေါ် တွန်းအားပေးနေတယ်လို့ ခံစားရခဲ့တာရှိပါတယ်။ တောင်အာဖရိက ပြည်တွင်းလုံခြုံရေးနဲ့ ရုရှားနဲ့ ဆက်ဆံရေးအပေါ် အမေရိကန် သံအမတ်ရဲ့ ထုတ်ပြန်ချက်နဲ့ အာဖရိက တရုတ်မူဝါဒအပေါ် အမေရိကန် မကျေနပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုဆိုးသွားစေခဲ့တယ်” လို့ ခရစ္စဗန်ဒွန်းက ပြောကြားခဲ့ပါတယ်။

စက်မှုအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တဲ့ အာဖရိကတိုက်ဟာ အစ္စရေး-ပါလက်စတိုင်းအရေးမှာ လာရောက်ပတ်သက်တဲ့အထိ အိမ်ဖြူတော်အတွက် “ဆူး” တစ်ချောင်းဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဗန်ဒွန်းရဲ့သုံးသပ်ချက်အရ အခုနောက်ဆုံး သဘောထားကွဲလွဲမှုတွေဟာ စိတ်ပျက်စရာတွေ စုပြုံလာတာဆိုပြီး ရှုမြင်နေကြပါတယ်။

မူရင်းသတင်းလင့်စ်- https://www.cnbc.com/2024/01/09/us-slams-south-africas-meritless-israel-genocide-suit.html

Leave a Reply

Your email address will not be published. Required fields are marked *