Spread the love

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု အနှစ် ၆၀ ကျော်အတွင်း အဆိုးရွားဆုံးကာလတွေရဲ့ တတိယမြောက်နှစ်အဖြစ် ၂၀၂၃ ခုနှစ်ဟာလည်း စာရင်းဝင်သွားပြီဖြစ်ပါတယ်။

ဒါဟာ စစ်တပ်ပထမဆုံးအာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ အခုကုန်ဆုံးသွားတဲ့ အာဏာသိမ်းကာလတစ်ခုဖြစ်တဲ့ ၂၀၂၃ ခုနှစ်အထိ ၆၁ နှစ် ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေးဖွံ့ဖြိုးမှု အနုတ်လက္ခဏာပြတဲ့ နှစ်တစ်နှစ်အဖြစ် ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေက ထောက်ပြနေတာပါ။

ကိန်းဂဏန်းတွေက မြန်မာ့စီးပွားရေးကျဆင်းကြောင်းကို ထောက်ပြနေသလို ပြည်သူလူထုရဲ့ စားဝတ်နေရေးကြပ်တည်းလာတဲ့ အခြေအနေတွေက ဒီအချက်အလက်တွေဟာ မှန်ကန်ကြောင်း ပံ့ပိုးပေးသလို ဖြစ်နေပါတယ်။

ပြည်တွင်းစီးပွားရေးလေ့လာသုံးသပ်သူတစ်ယောက်ဖြစ် ဦးလှမောင် (အမည်လွှဲ) ကတော့ အခုနှစ်ဟာ ပြည်သူ့စားဝတ်နေရေးကို ရိုက်ခတ်မှုအပြင်းဆုံးနှစ်ဆိုတာ အငြင်းပွားစရာမရှိဘူးလို့ ဆိုပါတယ်။

“ရိုက်ခတ်မှု အပြင်းဆုံးဆိုတာကို ငြင်းစရာမရှိပါဘူး။ တခြားကို မကြည့်ဘဲ လက်ရှိ ၃နှစ်အတွင်းကိုပဲ ကြည့်မယ်ဆိုရင်တောင် ဒီနှစ်က စားသုံးဆီ တန်းဆီရတယ်။ စက်သုံးဆီတန်းဆီရတယ်။ ဒီလိုဖြစ်စဥ်တွေက စီးပွားရေးရဲ့ အခြေအနေကို ထင်ဟပ်စေတဲ့ ဖြစ်စဥ်တွေပဲ” လို့ ထောက်ပြပါတယ်။

အချက်အလက်တွေက ပြောတဲ့ မြန်မာ့ စီးပွားရေး

လွန်ခဲ့တဲ့ အနှစ် ၆၀ ကစလို့ လက်ရှိအချိန်အထိ စစ်တပ်အာဏာသိမ်းခဲ့တဲ့ကာလတွေအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု GDP ရဲ့ အနိမ့်ကျဆုံးအချိန်ဟာ အနည်းငယ်သာရှိခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ GDP ဟာ ၁၉၆၇ ခုနှစ်မှာ အနုတ် ၅ဒသမ ၃၇၊ ၁၉၈၈ ခုနှစ်မှာ ၇ ဒသမ ၆ အထိ နိမ့်ကျခဲ့ပေမဲ့ နောက်ဆုံးအာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်မှာတော့ GDP ဟာ စံချိန်တင် အနုတ် ၁၇ ဒသမ ၉၄ အထိ ကျဆင်းခဲ့တဲ့ပါ။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာတော့ GDP တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိခဲ့တာကြောင့် GDP အနုတ် ၁၃ ဒသမ ၉၄ ဖြစ်ပြီး စံချိန်တင်ကျဆင်းနေဆဲ နှစ်တစ်နှစ်အဖြစ် ရပ်တည်နေတာလို့ ဆိုနိုင်ပါတယ်။

တိုင်းပြည်တွင်းစုစုပေါင်းထုတ်ကုန် ဂျီဒီပီ Gross Domestic Product ဆိုတာဟာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ စုစုပေါင်းထွက်ကုန်နဲ့ စုစုပေါင်းဝန်ဆောင်မှုအားလုံးကို ပေါင်းထားတာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ (ဝါ) နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို ပြတဲ့ သတ်မှတ် ကိန်းဂဏန်းဖြစ်ပါတယ်။ 

“နားလည်အောင် ပြရမယ်ဆိုရင် GDP ကျသွားရင် ကုန်စျေးနှုန်းတွေတက်လာမယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးတန်ဖိုး ဆက်လက်ကျဆင်းမယ်။ လူထု ဆင်းရဲနွမ်းပါးမှု ပိုများလာမယ်။ ဒါကြောင့် GDP ကျတာဟာ အခြေခံလူတန်းစား အောက်ခြေလူတန်းစားတွေကို အများကြီးသက်ရောက်နေတယ်။ ဒါဟာ ဘောဂဗေဒနဲ့ ချိန်ထိုးပြီးကြည့်စရာတောင်မလိုဘူး” လို့ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ယောက်က ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလဟာ တစ်ကမ္ဘာလုံးမှာ GDP ကျဆင်းတဲ့ နှစ်တွေ ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အားလုံးနလန်ပြန်ထူနိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှမှာ လက်ရှိအချိန်ထိ စီးပွားရေး နလန်ပြန်မထူနိုင်သေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ GDP ဟာ ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းအထိ ပိုမိုကျဆင်းနေပြီး ဝယ်လိုအား၊ ရောင်းလိုအား အကြပ်အတည်းတွေက မြန်မာ့စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်အကျိုးသက်ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

အခြေခံ လူမှုဘဝကို ရိုက်ခတ်မှုများ

၂၀၂၃ ခုနှစ်ရဲ့ ဒုတိယ ၆ လဟာ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးကို အဓိက ရိုက်ခက်မှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။ စစ်ဖြစ်ပွားတာ မရှိတဲ့ ရန်ကုန်မြို့ပြမှာတောင် အခြေခံပစ္စည်းတွေရဲ့ ကုန်စျေးနှုန်းဟာ အာဏာသိမ်းစက စျေးနှုန်းတွေရဲ့ ၂ဆ ကျော် ဖြစ်လာပါတယ်။

အခုနှစ် ဇွန်လနောက်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ စားအုန်းဆီစျေးနှုန်းတွေဟာ တစ်လီတာ ၄၅၀၀ ကျပ် အထိ စံချိန်တင်မြင့်တက်ခဲ့သလို လိုသလောက်ဝယ်ယူလို့မရတဲ့အထိ ပြတ်လပ်ခဲ့ပါတယ်။

စစ်ကောင်စီက စားအုန်းဆီပြတ်လက်မှုကို ထိန်းချုပ်နိုင်ဖို့ အခြေခံရည်ညွှန်းစျေး တစ်လီတာ ၄၃၇၅ ကျပ် သတ်မှတ်ပြီး ရပ်ကွက်တွေအတွင်း သွားရောက်ရောင်းချပေးခဲ့ပေမဲ့ မှောင်ခိုစျေးကွက်ကို မထိန်းနိုင်ခဲ့ပါဘူး။

“ဒီကုန်စျေးနှုန်းနဲ့ အလုပ်မရှိရင် ဆီနဲ့စားနဲ့စားဖို့တောင် ဆီမဝယ်နိုင်တော့ဘူး။ အိမ်မှာစားဖို့ကတော့ ငါးဆီကိုပြောင်းသုံးတယ်။ တန်းဆီလို့ရတဲ့ ဆီလေးကိုတော့ အောက်စျေးနဲ့ ပြန်ရောင်းရတယ်၊” လို့ သာကေတမြို့နယ်က ကျပန်းအလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ငါးဆီဆိုတာဟာ အရင်က အခြေခံလူတန်းစာတွေ အလှမ်းဝေးတဲ့ အသုံးအနှုန်းတစ်ခုပါ။ ရန်ကုန်တိုင်း သာကတေမြို့နယ်အတွင်းက ငါးခွဲစက်ရုံတွေကနေ ထွက်တဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ငါးဆီဟာ ငါးညှီနံ့ အလွန်စူးတာကြောင့် တော်ရုံဟင်းတစ်ခွက်အတွက် အခြေခံလူတန်းစာတွေ မရွေးချယ်ခဲ့ပါဘူး။

မှောင်ခိုဆီစျေးကွက်မှာ စားအုန်းဆီတစ်လီတာကို ကိုးထောင်ကျပ်အထိ ပေါက်စျေးရှိခဲ့လို့ ဆီတန်းစီတဲ့ စနစ်ကို အခြေခံလူတန်းစားတွေက မဖြစ်မနေ လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

အာဏာသိမ်းစက အခြေခံပြည်သူတွေအတွက် နေ့စဥ်သုံး ပစ္စည်းတစ်ခုဖြစ်တဲ့ ” Family Care ” ဆပ်ပြာတစ်တုံးဟာ တစ်ထောင်ကျပ် ဝန်းကျင်ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ၂၅၀၀ အထိ ပေးဝယ်ရပါတယ်။

ဒါ့အပြင် ကြက်ဥတစ်လုံးရဲ့ စျေးနှုန်းဟာလည်း နိုင်ငံအတွင်း နေရာဒေသအလိုက် ၃၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိ စျေးမြင့်တက်ခဲ့ပါတယ်။ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်လို့ ကုန်စီးဆင်းမှု ရပ်တန့်သွားတဲ့ ဒေသတွေမှာ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိ ပေးဝယ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြို့တော် မြစ်ကြီးနားမှာ ကြက်ဥတစ်လုံးစျေးဟာ တစ်ထောင်ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

ဆန်ကြမ်းစျေးနှုန်းဟာဆိုရင်လည်း အခုနှစ် ဆန်ပေါ်ချိန်မှာတောင် သောင်းဂဏန်းအထိ မြင့်တက်ခဲ့တယ်လို့ ဝါးတန်းလမ်းမှာရှိတဲ့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။ အာဏာသိမ်းစက လေးသောင်းဝန်းကျင်သာရှိခဲ့တဲ့ ဆန်ကြမ်းတစ်အိတ်ဟာ လက်ရှိအချိန်မှာတော့ ခုနှစ်သောင်းခွဲကနေ ကိုးသောင်းနီးပါးအထိ မြင့်တက်နေပါတယ်။

အဲဒီလိုအခြေအနေတွေဟာ အခြေခံလူတန်းစားအတွက် ဝန်ထုပ်ဝန်ပိုးတွေဖြစ်စေပြီး စားနပ်ရိက္ခာမ လုံလောက်တာတွေ ပိုများစေတဲ့အချက်တွေလို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးမဲ့ အိမ်မဲ့ ဒုက္ခရောက်နေတဲ့သူတွေ အပါအဝင် လူ ၁၅ သန်း ၂ သိန်းဟာ စားနပ်ရိက္ခာနဲ့ အသက်ရှင်နေထိုင်ဖို့ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက ပြောဆိုထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ် နဲ့ အမျိုးသမီး ၂ သန်း ၂ သိန်းဟာ အာဟာရ ဖြည့်ဆည်းပေးနိုင်ဖို့ စားနပ်ရိက္ခာ အကူအညီ လိုအပ်မယ်လို့လည်း FAOရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

ကုန်စျေးနှုန်းနှင့် လစာ အချိုးမကျမှု

ဒီနေ့ နောက်ဆုံးပေါက်စျေးတွေအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၅၀၀ နီးပါးရှိပြီး ထိုင်းတစ်ဘတ်ကို ၉၆ ကျပ်ကျော်နဲ့ တရုတ်ငွေတစ်ယွမ်ကို ၄၀၀ ကျပ်ကျော်အထိ ရှိပါတယ်။

အာဏာမသိမ်းခင်ကတော့ အမေရိကန်တစ်ဒေါ်လာ ၁၃၀၀ ကျပ်၊ ထိုင်းငွေ တစ်ဘတ်ကို ၅၆ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်ကို ၂၀၀ ကျပ်နီးပါးရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၂ ဆနီးပါး ငွေကြေးဖောင်းပွသွားတာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာ့ငွေကျပ်တန်ဖိုး ထက်ဝက်နီးပါး တန်ဖိုးကျဆင်းသွားပြီဆိုတဲ့ သက်သေဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Economist Intelligence Unit’s (EIU)ကလည်း ၃ နှစ် နီးပါးကာလအတွင်း မြန်မာ့ငွေကျပ်တန်ဖိုးဟာ ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီလို့ ထုတ်ပြန်ထားပါတယ်။

အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံမှာ အလုပ်ရှင်တွေ ကျင့်သုံးနေတဲ့ အခြေခံလစာဟာ တစ်သိန်းခွဲကျပ်ပါ။ လက်ရှိအချိန်မှာလည်း လစာကို တစ်သိန်းခွဲကနေ စတင်သတ်မှတ်တာ ဖြစ်လို့ နိုင်ငံသားတစ်ယောက်ဟာ ၃ နှစ် နီးပါးကာလအတွင်း ပုံမှန်လစာရဲ့ ထက်ဝက်ခန့်တန်ဖိုးကိုသာ လစာအဖြစ်ရတော့တာပါ။

“ကျွန်တော် အလုပ် ၃ ခုလောက်ကို လျောက်ခဲ့တာပါ။ အားလုံးက အခြေခံလစာ ၁သိန်းခွဲကနေစတယ်။ အခုကုန်စျေးနှုန်းနဲ့ ဒီလို ပေးနှုန်းက ကျွန်တော်တို့အတွက် မလုံလောက်ပေမယ့် မတတ်နိုင်ဘူးဗျ။” လို့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် ဖုန်းအရောင်းဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အရောင်းဝန်ထမ်းဖြစ်တာကြောင့် ရောင်းရတဲ့အရေအတွက်အလိုက် ကော်မရှင်ခ ရပေမယ့် လက်ရှိအချိန်ထိ အခြေခံလစာဟာ တစ်သိန်းခွဲကျပ်ပဲ ဖြစ်နေသေးတဲ့အတွက် ဒါဟာ မမျှတဘူးလို့ သူက ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာတော့   အရင်က သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို တစ်ရက်စာ ၄၈၀၀ ကျပ်ကနေ ၅၈၀၀ ကျပ်အထိ ပြည်တွင်းအလုပ်သမား ဝန်ကြီးဌာနက တိုးမြှင့်ခဲ့ဖူးပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အထွေထွေစျေးနှုန်းမြင့်တက်မှုကြောင့် အနိမ့်ဆုံးလစာသတ်မှတ်ချက်တွေကို တိုးပေးခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြဌာန်းခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက ဝင်ငွေနည်းမိသားစုတွေဟာ သူတို့ဝင်ငွေရဲ့ ၆၄ ရာခိုင်နှုန်းအထိကို အစားအစာအတွက် သုံးနေရပြီး အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းဟာလည်း ဝင်ငွေကျဆင်းနေတယ်လို့ နိုင်ငံတကာအစားအသောက်မူဝါဒသုတေသနဌာန IFPRI ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ဆူဒန်၊ ဟေတီ၊ ဘူကီနာဖာဆို နဲ့ မာလီ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား စတဲ့ အရေးပေါ်အကူအညီလိုအပ်တဲ့ အဆိုးရွားဆုံး နိုင်ငံ ၉ နိုင်ငံနဲ့အတူ စားနပ်ရိက္ခာ မလုံလောက်လို့ အထူး စိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နိုင်ငံထဲမှာ ဖော်ပြတာခံခဲ့ရပါတယ်။

အရင်းခံပြသနာတွေ

လျှပ်စစ်မီး ပုံမှန်မရတော့တဲ့အပြင် ပြတ်တောက်ချိန် ပိုမိုများပြားနေလို့ မြို့ပြဒေသတွေနဲ့ စက်မှုဇုန်တွေက အိမ်တွင်းမှုလုပ်ငန်း၊ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေဟာ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။

စက်မှုဇုန်တွေမှာလည်း အလုပ်သမားတွေ လျှော့ချတာ၊ လုပ်ငန်းတွေရပ်ဆိုင်းတာ၊ နိုင်ငံခြားကုမ္ပဏီကြီးတွေ ပြန်လည်ထွက်ခွါတာတွေကြောင့် အလုပ်အကိုင်တွေဆုံးရှူံး၊ အလုပ်လက်မဲ့တွေတိုးပွါး၊ ဝင်ငွေတွေလျှော့နည်းကာ စီးပွါးရေး ပိုမိုကျပ်တည်းလာနေပါတယ်။

ပဋိပက္ခဒေသတွေမှာ စစ်တပ်ကကျင့်သုံးနေတဲ့ ဖြတ်လေးဖြတ်ဗျူဟာနဲ့ ပိတ်ဆို့ခဲ့လို့ စစ်ဖြစ်ပွားရာဒေသတွေက ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်တာကို မကြာခဏ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ဆိုပါတယ်။

“နှစ်လ တစ်ခါလောက်ကို ပုံမှန် ရိက္ခာအတွက် ကျွန်တော်တို့မှာ စိုးရိမ်ပူပန်ရတယ်။ ဆန်တွေပြတ်သွားရင် တခြားစခန်းမှာ သွား​ချေးရတယ်။ အလှူရှင်တွေရဲ့ ငွေနဲ့ လည်ပတ်ရတယ်ဆိုရင်တောင် ဆန်တွေကို ကျွန်တော်တို့မှာ သယ်ခွင့်မရှိဘူး။ ၅ အိတ်လောက်ဆို အစစ်ခံရပြီ တချို့ဆို ဂိတ်မှာထားခဲ့ရတာ ခဏခဏပဲ။ ကျွန်တော်တို့ကတော့ နယ်စပ်ဖြတ်ကျော် အကူအညီတွေရဖို့ ကူညီပေးစေချင်တယ်။ ဒါမှအလုပ်ဖြစ်မယ်” လို့ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အရေးလှုပ်ရှားသူက ပြောပါတယ်။

Human Rights Watch ရဲ့  ၂၀၂၃ ကမ္ဘာ့အစီရင်ခံစာမှာတော့  “စားသုံးကုန်ပစ္စည်းများ ပို့ဆောင်ရေး ကွင်းဆက်များ ပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်း၊ ကုန်စည်ရှားပါးလာခြင်းနှင့် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးရခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း စားနပ်ရိက္ခာ ပြတ်လပ်မှု ပိုမိုတိုးပွားလာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး အဆမတန် ကျဆင်းလာသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများနှင့် ပဋိပက္ခဒဏ်ခံရသော လူထုသာမက မြို့ပြနှင့် မြို့ပြဝန်းကျင်ဒေသလူထုပါ စားနပိရိက္ခာအကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်” လို့ ဖော်ပြထားတာတွေ့ရပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီဟာ နိုင်ငံအာဏာကို ရယူထားပေမဲ့ နိုင်ငံစီးပွားရေးကို အာရုံမစိုက်နိုင်ဘဲ အာဏာတည်မြဲဖို့သာ ကြိုးပမ်းနေရတယ်လို့ နိုင်ငံရေးစစ်ရေးလေ့လာသုံးသပ်သူ တစ်ယောက်က သုံးသပ်ထားပါတယ်။

“အခု အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံစီးပွားရေးတိုးတက်ဖို့ ဘာတွေလုပ်ဆောင်မယ် အော်နေပေမဲ့ သူလက်တွေ့လုပ်တာဘာရှိလို့လဲ။ အာဏာတည်မြဲဖို့ကိုပဲ လုပ်နေရတာနဲ့ တခြားဘက်ကို အာရုံမစိုက်တော့ အလုံးစုံ ပျက်သုံးတဲ့ နိုင်ငံဆီကို ရောက်မှာပါ။ သူလုပ်နိုင်တာဆိုလို့ စျေးနှုန်းတွေကို ကန့်သတ်မယ်။ လူတွေကို ဖမ်းမယ်။ ဒါကအဖြေမဟုတ်ဘူးလေ။” လို့ သူက ပြောပါတယ်။

ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုမှာလည်း စစ်ကောင်စီဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတကို နိုင်ငံရဲ့ အထွေထွေ ဘတ်ဂျက်ရဲ့ ၂၈ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပြီး ဒါဟာ  အရပ်သား အစိုးရလက်ထက် စစ်အသုံးစရိတ် ၁၀ ရာခိုင်းနှုန်းနဲ့ နှိုင်းယှဉ်ရင် သုံးဆနီးပါးမြှင့်တက်လာတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကိုလည်း လောလောဆယ်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အဓိကခံစားခဲ့ကြရပါတယ်။ သဘာဝဘေးကြောင့် လူဦးရေ ၆ သန်းကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်ခဲ့ပြီး စစ်ကောင်စီက အကူအညီပေးရေးလုပ်ငန်းတွေကို ပိတ်ဆို့ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိနိုင်ငံရေးပြသနာတွေဟာ အာဏသိမ်းမှုကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဆက်လက်ကျဆင်းနေဦးမှာပဲလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

“ဘာကြောင့်လဲဆိုတာ ရှင်းပါတယ်။ အာဏာမသိမ်းခဲ့ရင် ဒါတွေ ဖြစ်လာစရာမရှိပါဘူး။ သူတို့ထုတ်ပြန်တဲ့ မူဝါဒအခွဲတွေကလည်း အလုပ်လုပ်ဖို့ အဟန့်အတားတွေ ဖြစ်တယ်လေ။ နောက်ပြီး ဒေါ်လာစျေးကွက်ကိုလည်း ကြိုက်သလို ချယ်လှယ်နေတော့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ Failed State ဖြစ်မှာပါ။” လို့ သူက ထောက်ပြပါတယ်။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ NLD အစိုးရက သက်တမ်းကာလမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအပေါ် အားပေးမှု မရှိခဲ့လို့ တိုင်းပြည်စီးပွားရေးဟာ ကျဆင်းခဲ့ရပြီး သူ့လက်ထက်မှာတော့ တိုင်းပြည်စီးပွားရေးဟာ ရာခိုင်နှုန်း တိုးတက်မှုရှိလာတယ်လို့ မိန့်ခွန်းတွေမှာ ထည့်ပြောလေ့ရှိပါတယ်။

ဒါပေမဲ့ အခြေခံစီးပွားရေးနဲ့ စားဝတ်နေရေး ကြပ်တည်းမှုတွေကို လက်ရှိအုပ်ချုပ်သူတွေအနေနဲ့ လက်လွှဲဖြေရှင်းသင့်ပြီလို့ ဘဏ်အကြီးတန်းအရာရှိ တစ်ယောက်ဖြစ်ပြီး လက်ရှိမြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်နေသူ စီးပွားရေးပညာရှင် ဦးသက်ဇော် ကလည်း သုံးသပ်ပြောဆိုပါတယ်။ 

“ရေရှည်သွားဖို့ကတော့ ပေါ်လစီမြန်မြန်ကောင်းမ မကောင်းရင်မလွယ်ဘူးဗျ။ ရှင်းရှင်းပြောရရင်တော့ အုပ်ချုပ်ရေးပိုင်းကို ပြန်လည်သုံးသပ်ရမှာပေါ့ဗျာ။ အုပ်ချုပ်ရေးနဲ့ တိုင်းပြည်စီးပွားရေးဟာ ဆက်စပ်နေတဲ့အခါကျတော့ နစက အနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးအပိုင်းကို စီမံနိုင်မယ့် အရပ်ဘက်အစိုးရတစ်ရပ်ကို ဖွဲ့စည်းပြီးတော့ တာဝန်ပေးလိုက်ရင်တော့ အုပ်ချုပ်ရေးပိုင်းကို ပိုပြီး နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိအချိန်ဟာ ပြည်တွင်းအင်အားစုတွေရဲ့ အားပြိုင်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်လာပြီး မြန်မာ့စီးပွားရေးဟာ အနာဂတ်မှာ မရေရာ မသေချာမှုတွေလည်း ပိုမိုဆိုးရွာလာမှာ ဖြစ်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

စီးပွားရေးကျဆင်းမှုတွေကို ခါးစီးခံရတဲ့ အခြေခံလူတန်းစားတွေ၊ ပြည်သူတွေကတော့ ဒီအခြေအနေတွေ ကျော်လွှားဖို့ ဆုတောင်းရုံပဲ တတ်နိုင်တယ်လို့ သာကေတမြို့နယ်က အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်က ဆိုပါတယ်။

လာမယ့် ၂၀၂၄ မတ်လအထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ပဋိပက္ခ ဖြစ်ပွားတာ အရှိန်အဟုန် လျော့သွားခဲ့မယ်ဆိုရင်တောင် မြန်မာ့စီးပွာယရေးဟာ ၂၀၂၄ ခုနှစ်အတွင်း တိုးတက်မှုနှေးဦးမှာ ဖြစ်သလို ၂၀၂၅ ခုနှစ်မှာတောင် ကုန်ထုတ်ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍတွေမှာ ဆက်လက်နှေးကွေးကြန့်ကြာနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *