ရခိုင်၊ဇန်နဝါရီ(၁၈)
ရခိုင်ပြည်နယ်မှာ ၁၀၂၇စစ်ဆင်ရေး စတင်ချိန်ကစပြီး အဖက်ဖက်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူကိုပိုပြီး တိုက်ခိုက်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကသတိပေးလိုက်ပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ တပ်တွေကနေ အပြင်းအထန် ခုခံတိုက်ခိုက်နေပေမဲ့ လက်ရှိအချိန်မှာ ခုခံနိုင်စွမ်း မရှိတော့လို့ နှစ်ပေါင်းများစွာ ခြေကုပ်ယူတပ်စွဲထားတဲ့ စခန်းတွေနဲ့ မြို့တွေကိုလည်း လက်လွှတ်ဆုံးရှုံးနေရပါတယ်။
စခန်းနေရာနဲ့ မြို့တွေ ဆုံးရှုံးနေရချိန်မှာ လက်အောက်ခံတပ်သားတွေ လက်နက်ချအညံ့ခံတာ တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာတာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေတာကို ဖော်ပြနေတာပါ။
အဖက်ဖက်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်တဲ့ အချိန်တိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ မြို့ရွာတွေကိုဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာစတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တစ်ရက်ထက်တစ်ရက် လက်ရဲဇက်ရဲ ပေါ်ပေါ်တင်တင် လုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော် ကပြောဆိုထားပါတယ်။
အခုချိန်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တွေတာကို ပိုပြီးခံရနိုင်လို့ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အထူးသတိထားပြီး လုံခြုံစွာ နေထိုင်ကြဖို့နဲ့ အဆောက်အအုံ တစ်ခုထဲမှာ လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာ နေထိုင်တာတွေကို အထူးသတိထားကြဖို့ ရက္ခိုင့်တပ်တော် (AA) ကတိုက်တွန်းထားပါတယ်။