Spread the love

မြန်မာနိုင်ငံအတွင်း လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ ဒေသ ၁၄ ခုကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပေမယ့် နေရာဒေသတချို့ကိုသာ သွားလာနိုင်ဦးမှာ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်းမှာလည်း ပြည်တွင်းခရီးသွားများကိုသာ ဆက်လက်အားထားရဦးမှာဖြစ်ပြီး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပြည်တွင်းခရီးသွား ဆက်လက်အားကိုးနေရကာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အလွန်နည်းပါးနေပြီလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာ ဦးစားပေးသွားရောက် လည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ ၁၄ ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအို ဒေသတွေကိုဖြစ်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေးထားပါတယ်။

ခရီးသွားလုပ်ငန်းကျဆင်းတာနဲ့အတူ ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ဟိုတယ်နဲ့တည်းခိုခန်းလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေ၊ သုံးဘီးမောင်းသူတွေ၊ လက်ဆောင်ပစ္စည်း ရောင်းသူတွေ အကုန်လုံးအပေါ်သက်ရောက်မှု ရှိခဲ့တာဖြစ်တယ်လို့ ပုဂံမြို့မှာနေထိုင်တဲ့ ကိုအညာသား ကပြောပါတယ်။

“ကိုဗစ်စဖြစ်ကထဲက ခရီးသွားလုပ်ငန်းတွေ စထိတာ။ ကိုဗစ်လည်းပြီးတော့ အနည်းငယ်ပြန်ပြီးတော့ အလုပ်ကောင်းလာသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှ သိသိသာသာကျ သွားတာ။ ဟိုတယ်ဝန်ထမ်းတွေဆို တဝက်လောက်အထိအလုပ်ထုတ်ခံရတဲ့ သူတွေရှိတယ်။ ဟိုတယ်အသေးစားတွေ တည်းခိုဆောင်သမားတွေလည်း ပိတ်ပစ်ရတာ‌တွေရှိတယ်။ အဲ့လုပ်ငန်းကို မှီတည်ပြီး ဈေးရောင်းချတဲ့သူတွေလည်း ဆိုင်တွေမဖွင့်နိုင်တော့ဘူး” လို့ သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးလုံလောက်မှုမရှိတာ စက်သုံးဆီဈေးတွေတက်ပြီး လိုသလောက်မဝယ်ယူနိုင်နဲ့အတွက် ဟိုတယ်ဖွင့်စားသူတွေနဲ့ တည်းခိုခန်းဖွင့် တဲ့သူတွေအတွက် အဆင်မပြေကြတော့သလို သူတို့နဲ့ဆက်စပ်ပြီး ဈေးရောင်းစားနေတဲ့သူတွေလည်း ထိခိုက်မှုတွေများစွာ ရှိနေပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေလုံခြုံမှု မရှိတဲ့အတွက် နိုင်ငံတချို့က သူတို့နိုင်ငံသားတွေကို မြန်မာပြည်အတွင်း ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်မှုတွေချထားလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွေ ကျဆင်းသွားရတာလည်းဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ မဖြူဖြူ ကပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဗြိတိန်နဲ့အမေရိကန် ဆိုရင် မြန်မာပြည်ကို မလာဖို့သတ်မှတ်တာတွေရှိတယ်။ အခြားဥရောပနိုင်ငံတချို့လည်း သတိပေးထုတ်ပြန်တာတွေရှိတယ်။ ပြည်တွင်းထဲဝင်လာတဲ့ သူတိုင်းကိုလည်း ခရီးသွားဧည့်သည်လို့သတ်မှတ်လို့မရပါဘူး။ မြန်မာပြည်ကို တရုတ်လူမျိုးတွေ အများဆုံးဝင်တယ်။ ကျောက်ရောင်းဝယ်လုပ်တယ် အွန်လိုင်း လုပ်ငန်းလုပ်ပြီးနေတဲ့ သူတွေလည်းရှိပါတယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းကတော့၂၀၂၃မှာ လူသွားလူလာအတော်နည်းပါတယ်။ ၂၀၂၄မှာလည်း ပြည်တွင်းခရီးသွားတွေကိုပဲ ဆက်လက်မှီခို နေရဦးမှာပါ” လို့ သူကပြောပြတယ်။

၂၀၁၉ကိုဗစ်ကာလမတိုင်မှီက မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ပြည်ပခရီးသည်လာရောက် လည်ပတ်မှုသည် ၄ သန်းဝန်းကျင်အထိရှိပြီး ပြည်တွင်းခရီးသည်တွေ သွားရောက် လည်ပတ်မှုဟာ ၆ သန်းဝန်းကျင်အထိ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

အရင်က ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဟာ နိုင်ငံဝင်ငွေရဲ့ ၁၃ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတော့ ခရီးသွားလုပ် ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တချို့ရှေးဟောင်းအဆောက်အဦးတွေဟာလည်း တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ပြည်တွင်းခရီးသွား ၁သန်းကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ အရင်နှစ်တွေထက် ခရီးသွားဦးရေလျော့နည်းလာပြီး စက်သုံးဆီစရိတ်နဲ့ အခြေခံစားသောက်ကုန်စရိတ်တွေ မြင့်မားလာလို့ ခရီးသွားလာလည်ပတ်မှု နည်းသွားရတာဖြစ်တယ်လို့ ကလောမြို့မှာ လုံချင်းအိမ်ငှားစားသူ ကိုမောင်မောင်က ပြောပါတယ်။

“ရှမ်းတောင်ဘက်က လက်ရှိမှာနိုင်ငံရေးအရငြိမ်တော့ လာရောက်လည်ပတ်တာတွေရှိတယ်။ ဒါပေမယ့်ရွာငံဘက်လိုနေရာတွေမှာ ကန့်သတ်မှုတချို့ရှိတယ်။ ညဘက်အိပ်လို့မရတာမျိုးပေါ့။ ၂၀၂၃မှာကျတော့ ဧည့်စာရင်းတိုင်ရတာတွေရှိလာတယ်။ကျေးရွာလူကြီးတွေကလည်း ရပ်ရွာထဲလူစိမ်းဝင်ရင်မကြိုက်ဘူး။ စစ်ဘေးရှောင်တွေပေးမငှားနဲ့ အဲ့လိုတွေကလည်းရှိလာတယ်။ ဒီတော့ရမယ့်ပိုက်ဆံနဲ့ဖြစ်လာမယ့် ပြဿနာကကြီးတယ်။ ဒီတော့လူကြည့်ပြီး အဆင်ပြေမယ့်သူလောက်ပဲ ငှားဖြစ်တော့တယ်။ စက်သုံးဆီနဲ့ အစားအ‌သောက်ကလည်း ဈေးတွေတက်တော့ အရင် ၂ ညအိပ်တစ်သိန်းဆိုရင် အခု၂သိန်းတောင်းရတာပေါ့။ ခရီးစဉ်တွေအကုန်လုံးဈေး ၂ ဆလောက်တက်ကုန်ကျတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွားဦးရေ တသန်းကျော် ရှိခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ်မှာ ၃ သန်းကျော်ဖို့ စစ်ကောင်စီက မျှော်လင့်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယကနေ လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားတာလို့ ပြည်ပခရီးသည်တွေကိုလည်း လာမယ့်ခရီးသွားရာသီမှာ ပိုဝင်လာမယ်လို့ ရည်မှန်းနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းပြည်ပ ခရီးသွားစစ်တမ်းတွေကို ကောက်ယူသွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်က (ဒီဇင်ဘာလ ၂၉ ရက်) ခရီးသွားစစ်တမ်းတွေ စတင်ကောက်ယူခြင်း အခမ်းအနားမှာ ပြောပါကြားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း နဲ့ မူဆယ်မြို့တွေက အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေကနေ စစ်တမ်းကောက်ယူသွားမှာဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားစစ်တမ်းကိုတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ မြို့ပေါင်း (၁၉)မြို့က ခရီးသွားဆွဲဆောင်ရာနေရာတွေနဲ့ ဝင်/ထွက်ပေါက်တွေ၊ မီးရထားဘူတာရုံတွေမှာ (ဒီဇင်ဘာလ ၃၀ ရက်)က စတင်ကာ ကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး ပြည်ပခရီးသွားဝင်ရောက်မှုနဲ့ ပြည်တွင်းခရီးသွားလည်ပတ်မှုတွေဟာ သိသာစွာကျဆင်းခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ခရီးသွားဝင်ရောက်လည်ပတ်မှုတွေနဲ့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုမရှိသလောက်ဖြစ်နေပြီး ပြည်တွင်းခရီးသည်တွေကိုသာ အားကိုးနေရဆဲ ဖြစ်တယ်လို့ စကားပြန်လုပ်ကိုင်ဆောင်ရွက်သူ မမေသူကပြောပါတယ်။

“အစ်မဆို စပိန်နဲ့ဂျာမန် ဘာသာပြန်လုပ်ပေးတာ။ ကိုဗစ်တုန်းကတော့အဲ့လောက်မဟုတ်သေးဘူး အလုပ်ကရှိနေသေးတယ်။ နည်းသွားတဲ့ သဘောလောက်သာရှိနေသေးတာပေါ့။ အာဏာသိမ်းပြီးနောက် ဥရောပတိုက်ကလာတဲ့သူတွေမရှိသလောက်ဖြစ်သွားတာ။ ရန်ကုန်မှာ ကြည့်ရင်လည်းသိနိုင်တယ်။ လူဖြူတွေသိပ်မတွေ့ရတော့ဘူး။ ခုတော့စကားပြန်အလုပ်မရှိလို့ အစ်မကလေးတွေကိုစာလိုက်သင်ပေးနေရတယ်။စာသင်တဲ့အချိန်မရှိရင်တော့အမေနဲ့အတူဈေးလိုက်ရောင်းပေးနေတယ်” လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်းကို နိုင်ငံခြားသား ဝင်ရောက်နေတယ် ဆိုတာကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အဓိကလာရောက်နေတာဖြစ်ပြီး ဥရောပကနေ လာရောက်လည်ပတ်သူတချို့ကိုလည်း မြန်မာပြည်ထဲ ခရီးသွားခွင့် ကန့်သတ်ထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်၊ ဟူးကောင်းတောင်ကြား၊ ရန်ကုန်တိုင်းအတွင်း၊ ရွှေတိဂုံစေတီတော်၊ Time City Yangon၊ ဆူးလေဘုရား၊ကျောက်တော်ကြီးဘုရား၊ ဗိုလ်တစ်ထောင်ကမ်းနား၊ မန္တလေးတိုင်းအတွင်း ပုဂံမြို့၊ အင်းဝမြို့၊ အမရပူရ၊ ပြင်ဦးလွင်မြို့၊ ပုပ္ပားတောင်၊ မွန်ပြည်နယ်အတွင်း၊ ကျိုက်ထီးရိုး စေတီတော်၊ မုဒုံမြို့ (ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရား)၊ ရခိုင်ပြည်နယ်အတွင်း မြောက်ဦးမြို့၊ ငပလီကမ်းခြေ၊ မဟာမုနိရုပ်ပွားတော်၊ ရှမ်းပြည်နယ်အတွင်း၊ အင်းလေးကန်တောင်ကြီးမြို့တို့မှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူတွေ အများဆုံးလာရောက် လည်ပတ်ကျတဲ့နေရာတွေ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတချို့ကို သွားရောက်ခွင့်တွေ ပိတ်ပင်ထားပါတယ်။

ပင်လယ်ကမ်းခြေတွေဖြစ်တဲ့ ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ မောင်းမကန်ကမ်းခြေတွေနဲ့ ဧရာဝတီတိုင်းအတွင်းက ငွေဆောင် နဲ့ချောင်းသာ ကမ်းခြေများကိုသာ လာရောက်လည်ပတ်သူတွေ များပြားတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဂေဟခရီးသွားလည်ပတ်စရာ နေရာများဖြစ်ကြတဲ့ မြိတ်ကျွန်းစု၊ ခါကာဘိုရာဇီတောင်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ ပုပ္ပားတောင် အမျိုးသားဥယျာဉ်နဲ့ နတ်မတောင် သခရီးစဉ်တွေမှာလည်း ရာသီအလိုက်သွားရောက်ကြပေမယ့် ကုန်ကျစရိတ်တွေမြင့်တက်လာတဲ့အတွက် လူအချို့သာသွားရောက်လည်ပတ်နိုင်နဲ့ နေရာတွေဖြစ်ပါတယ်။

ရေးသားသူ- ဖိုးတုတ်

Leave a Reply

Your email address will not be published. Required fields are marked *