Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)

စစ်တပ်က အာဏာသိမ်းပြီးနောက် (၃) နှစ် ကျော် ကာလအတွင်း အကြီးမားဆုံး ဆုံးရှုံးမှုဟာ ပြည်သူတွေရဲ့ အသက်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

“မိမိတို့မြန်မာနိုင်ငံ၌ မအောင်မြင်သော စစ်အာဏာသိမ်းမှုသည် (၄) နှစ်တာ ကာလသို့ပင် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိစ္စသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်း၊ ရင်းမြစ်ပြဿနာကို မဖြေရှင်းဘဲ လူသားချင်းစာနာထောက်ထားမှု သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ အားကိုသာ ဦးတည်ဖြေရှင်းပေးရုံမျှဖြင့် လုံလောက်မှု မရှိသကဲ့သို့ ရေရှည်တည်တံ့ နိုင်မည်လည်း မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုမျိုးကို လိုအပ်” တယ်လို့ သူက ထောက်ပြပါတယ်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၅၄) ကြိမ်မြောက် မျက်နှာစုံညီ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူပေါင်း (၄,၄၀၀) ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လူပေါင်း (၂၅,၀၀၀) ကျော်ကို မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းက ပြည်သူ ၂.၆ သန်း ဟာ အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

ဘာသာ‌ရေး အဆောက်အဦးတွေ အပါအဝင် အရပ်သားအဆောက်အဦး (၈၆,၀၀၀) ကျော်ကို ဖျက်ဆီးတာ သို့မဟုတ် မီးရှို့ခဲ့လို့ ပြည်သူ (၁၉) သန်းဟာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို အရေးတကြီး လိုအပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *