Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂)

အာဏာသိမ်း (၃) နှစ်ကျော် ကာလအတွင်း နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ပြည်သူလူထုရဲ့ မျက်ရည်တွေကို ဆင်ခြေတွေနဲ့ နှစ်သိမ့်ပေးတာမျိုး လုံးဝ လုပ်လို့ မရဘူးလို့ တော်လှန်ရေးဦးဆောင်သူနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေး ပြောကြားလိုက်ပါတယ်။

“ပြည်သူလူထုဟာ စစ်ဘေး ဒုက္ခတွေကို အလူးအလဲ ခံနေကြရပါတယ်။ ဒါတွေကို အမြန်ဆုံး ပပျောက်စေဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အထူးလိုအပ်ပါတယ်။” လို့ သူက ဒီနေ့(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အထွေထွေ ဘေးဒုက္ခတွေကို ရင်နှင့်အမျှ ကိုယ်ချင်းစာနာစိတ် အပြည့် ရှိထားဖို့ လိုအပ်ပြီး မိမိတို့ရဲ့ သဘောထား သေးသိမ်မှုကြောင့် ပြည်သူလူထု ခံစားရမယ့် အေးငြိမ်းချမ်းသာခြင်းတွေကို ထိပါးစေလို့ မရဘူးလို့ သူက ထောက်ပြပါတယ်။

ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ တော်လှန်ရေးဦးဆောင်သူတွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါသလို ဒီတာဝန်တွေကို ကျေပွန်ကြောင်းကိုလည်း အလုပ်နဲ့ သက်သေပြကြရမှာဖြစ်ပြီး လက်တွေ့ အနေနဲ့လည်း အကောင်အထည်ဖော် ပြသနိုင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *