Spread the love

စစ်ကောင်စီက လိုက်လံဖမ်းဆီးလို့ တိမ်းရှောင်နေထိုင်ခဲ့ရတဲ့ ကာလအတွင်း သင်္ကန်းအရေခြုံထားတဲ့ ဘုန်းကြီးရဲ့ အဓမ္မပြုကျင့်တာနဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ခံခဲ့ရပေမယ့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်း ဒီမွန်းသက္ကရာဇ် က C8News မီဒီယာရဲ့ သီးသန့်အင်တာဗျူးမှာ သူတွေကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြောပြထားတယ်။

ကျွန်တော်ရဲ့ နာမည်က ဒီမွန်းသက္ကရာဇ်ပါ။ ကျွန်တော်ရဲ့ အသက်က (၂၂) နှစ်ရှိပြီပေါ့။ အာဏာမသိမ်းခင် ကာလမှာ မိတ်ကပ်ပညာရှင်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်။ ကျောင်းကတော့ Covid မတိုင်ခင်က first year english major နဲ့ ရပ်ထားတယ်။

ဖေဖော်ဝါရီတစ်ရက်နေ့မှာ လူထုလှုပ်ရှားမှုတွေ အများကြီးလုပ်တယ်။

ကျွန်တော် ကိုယ်တိုင်ကြုံခဲ့တာက UG ကစားပြီးတော့မှ တောထဲမှာရှိတဲ့ မိခင်တပ်ရင်းကို မပြန်ခင် အချိန်ကြားထဲမှာ ပုန်းရှောင်နေရတဲ့ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းရဲ့ တည်နေရာက သံဖြူဇရပ်နဲ့ ရေး ကြားထဲက နှစ်ကရင်ဆိုတဲ့ရွာ။ အဲ့ရွာမှာရှိတဲ့ ဘုန်းကြီးနာမည်က ပညာစာရ။

ဒီလိုပဲပေါ့ ပထမ စောင့်ရှောက်ထားတယ်ပေါ့။ နောက်ပိုင်းကြ ဘာပြောလဲဆိုတော့ သူနဲ့ လိင်ဆက်ဆံရမယ်။ အဲ့လိုမှ မဆက်ဆံဘူး ငြင်းမယ်ဆိုရင် သူ့ကို ကိုးကွယ်နေတဲ့ စစ်တပ်တွေကို အဓိက စစ်တပ်တွေကို ဖုန်းခေါ်မယ်။ မင်းကို ဒီအမှုတွေ ကျူးလွန်ထားတယ်ဆိုပြီး ဖမ်းခိုင်းမယ်ဆိုပြီး ပထမခြိမ်းခြောက်တယ်။

ဒုတိယအကြိမ်ကြတော့ တကယ်သူပြောတဲ့အတိုင်းပဲ တိုင်ကြားတယ်။ ရောက်လာတယ်။ သေနတ်တွေနဲ့ ထောက်ပြီး မင်းသူလုပ်တာခံမှာလား ငါတို့မင်းကို ဖမ်းပြီးနှိပ်စက်ရမလား နှစ်လမ်းရှိတယ် ကြိုက်တဲ့လမ်းကို ရွေးဆိုပြီး ဘာမှဖြစ်သွားတာ မဟုတ်ဘူး။ ငါတို့လုပ်ရင် မင်းဘ၀တစ်ခုလုံး စုတ်ပြတ်သပ်သွားမယ်ဆိုပြီး မင်းကြိုက်တဲ့ လမ်းကိုရွေးဆိုပြီး အဲ့အချိန်မှာ ပထမဆုံးအနေနဲ့ rape case ကျူးလွန်ခံရတယ်။

ဒုတိယတစ်ခေါက်ကြတော့ ကျွန်တော်လုံး၀ကို ငြင်းတယ်။ ညနေ (၅) နာရီဝန်းကျင်ကြတော့ ဘုန်းကြီးကျောင်းကနေ အလုပ်ရှိလို့ဆိုပြီး ထွက်သွားတယ်။ ကျောင်းထိုင်ဘုန်းကြီးဆိုတော့ သူထွက်သွားပြီး ဘယ်လောက်မှ မကြာဘူး စစ်ကားတွေ ရောက်လာတယ်။

စစ်ကားတွေရောက်လာပြီး ဘုန်းကြီးကျောင်းထဲမှာ လိုက်ရှာတယ်။ ကိုယ်က အဲ့အချိန်ကြတော့ သိလိုက်ပြီဆိုတော့ အဓိက မျက်မှန်နဲ့ ဖုန်းကို ကောက်ပြီးတော့ ပြေးတော့တာပဲ။ ပြေးတာလည်း မြင်ရော အနောက်ကတော့ တောက်လျှောက် သေနတ်နဲ့လိုက်ပစ်တယ်။ လုံး၀ ပြေးပြေး မနက်မိုးလင်းတော့ ကျွန်တော်ဘယ်ရောက်သွားပြီလဲဆိုတော့ သံဖြူဇရပ်ကနေ ပြေးတာ ရေးကို ရောက်သွားတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီးနောက်ပိုင်း NUG ရဲ့ တိုင်ကြားရေးဌာနတစ်ခုမှာ တိုင်ခဲ့တယ်။ process တွေကို အသေးစိတ်ပြောပြတယ်။ data အချက်အလက်တွေကို ပေးပို့ထားတယ်။ ဒါပေမဲ့ action ယူတာမျိုးတွေ တခြားသောစာပြန်တာမျိုးတွေ ဘာမှမလုပ်ဘူး။

အဲ့ဒီအချိန် ဒီတည်ဆောက်နေတဲ့ အချိန်ကာလမှာ ကိုယ့်ကိုသတ်သေလိုက်ဖို့၊ အဆုံးစီရင်လိုက်ဖို့၊ ဘ၀ထဲကဖို့ အများကြီး (၆) ကြိမ်၊ (၇) ကြိမ်လောက် လုပ်ခဲ့ဖူးတယ်။ အများကြီးတည်ဆောက်ယူရတယ်။ NUG ကို တိုင်ခဲ့တယ်ဆိုတာကလည်း စဖြစ်တဲ့အချိန်မှာ တကယ်ကို အားကိုး အားထားရတဲ့အရာက ဒါတစ်ခုထဲရှိတာဆိုတော့ တိုင်ကြားခဲ့တယ်။

ကျွန်တော်လက်နက်ကိုင်ထဲ ကျွန်တော်မိခင်တပ်ရင်းထဲကို ရောက်သွားတယ်။ ကျွန်တော်တာဝန်ပြန်ထမ်းဆောင်တယ်။ တပ်ကိုရောက်ရောင်ခြင်း တစ်လ၊ နှစ်လလောက်ပဲ ကာကွယ်ရေးဌာနမှာ တာဝန်ထမ်းဆောင်တယ်။ အဲ့ပြီးတော့ နောက်ပိုင်းမှာမှ Covid နဲ့ ပတ်သက်ပြီးတော့ အရာတွေရော ဆေးနဲ့ပတ်သက်ပြီးတော့ အရာတွေရော ဆေးဌာနမှာပဲ တာဝန်ထမ်းဆောင်တယ်။ ပထမတစ်ကျော့တာ သင်တန်းသွားတက်တာ။ ဒုတိတစ်ကျော့က ပြန်ပြီးတာဝန်ထမ်းဆောင်တာ။

တာဝန်ထမ်းဆောင်ပြီးတော့ အဲ့မှာလည်း rape case တွေ စသဖြင့် လိင်ပိုင်းဆိုင်ရာတွေရော စိတ်ပိုင်းဆိုင်ရာတွေရော အကြမ်းဖက်မှုတွေ ထပ်ဖြစ်တယ် တော်လှန်ရေးတပ်ထဲမှာ။ ကျူးလွန်တာက ကျွန်တော်တို့နဲ့တူတူ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေပဲ ဖြစ်တယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ case က နှစ်ခု၊ သုံးခုထပ်မကဘူး။ ကျွန်တော်အဲ့မှာ မလုံခြုံတော့ဘူးကွာ သိလား နေ့တိုင်းမှာ။

လွတ်မြောက်နယ်မြေကြီးကို ရောက်ပြီးတော့ နေနေတာတောင်မှအဲ့ဒီတော့ ကျွန်တော် တပ်ကနေပြီး ထွက်လိုက်တယ်။ ဘာကြောင့် စွန့်လွှတ်လိုက်တာလဲဆိုတော့ တပ်ထဲမှာသာ ဆက်ပြီးနေမယ်ဆိုရင် ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ တော်လှန်ရေးကြီးကို စိတ်ကုန်သွားတာ။ စိတ်ညစ်စရာတွေ တကယ်ကို စိတ်ညစ်စရာတွေကြီးပဲ။

ပထမတိုင်ချင်တယ်။ ဒါပေမဲ့ ပထမတစ်မှုကို ဘာမှန်းမသိတဲ့အချိန်မှာ လက်လျော့လိုက်တာလည်း ပါတယ်။ နောက်တစ်ခုကကြတော့ ကျွန်တော်ဒါကြီးကို သွားပြီးတိုင်လိုက်လို့ ယှဉ်ရင် တစ်ခုခုများ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ပြီး ဆိုကြပါစို့ ဘာရယ်မဟုတ်ပဲ အုန်းဒိုင်းဆိုပြီး ဒါကြီးကို action ထယူလိုက်တာမျိုး တစ်ခုခုကြားထဲက ပေါက်ကြားပြီးတော့ သတင်းတွေထဲမှာ ပါပြီးတော့မှ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားတယ်ဆိုရင် ရန်သူဘက်က ပြန်ကြည့်လို့ယှဉ်ရင် ကျွန်တော်တို့ သွားနေတဲ့ တော်လှန်ရေးလမ်းကြောင်းကြီးက အဖုအထစ်တစ်ခုဖြစ်သွားမှာ တူတဲ့လူတွေတောင် မတူညီပဲ စိတ်ဝမ်းတွေကွဲ ဖြစ်ချင်တိုင်းဖြစ် အဲ့လိုမျိုးပေါ့။

ကြားထဲက တော်လှန်ရေးအင်အားစုကို ထောက်ပံ့ပေးနေတဲ့ ယုံကြည်နေတဲ့လူတွေ ဒီတော်လှန်ရေးအပေါ် စိတ်တအားနှစ်ထားတဲ့ သူတွေအတွက် စိတ်အနှောင့်အယှက်တစ်ခု၊ စိတ်အဆင်မပြေမှုတစ်ခု ပြီးရင် တော်လှန်ရေးပေါ်မှာ တော်လှန်ရေးသွားနေတဲ့ လမ်းခရီးကို အနှောင့်အယှက်ကြီးတစ်ခု ဖြစ်သွားမှာဆိုးလို့ ပိတ်လိုက်တာလည်း ပါတယ်။ အဲ့အရာတစ်ခုကြောင့်ပဲ ဘာမှ ဆက်မလုပ်တော့တာ။

အခုလက်ရှိမှာဆိုရင် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ကပွဲတွေ၊ ဖျော်ဖြေပွဲတွေမှာ တတ်တဲ့ မိတ်ကပ်ပညာနဲ့ လိုက်ပြီး ပါရမိဖြည့်တာမျိုးတွေ ဝိုင်းကူနေတာမျိုးတွေရှိတယ်။ ကြိုးစားနေကြတယ်ပေါ့ အဓိကက စစ်ရှောင်တွေအတွက်ကို ရန်ပုံငွေရှာတဲ့ ပွဲတွေ လုပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *