စစ်ကြောရေးစခန်းကနေ ပြန်လွတ်မြောက်လာရသူတွေအတွက်တော့ စစ်တပ်ရဲ့ နှိပ်စက်ခဲ့တဲ့ ဒဏ်တွေက အခုထိ ဒဏ်ရာပါနေဆဲပါ။
အာဏာမသိမ်းခင်က စစ်အကျဉ်းထောင်တစ်ခုဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာမှ ရွှေပြည်သာစစ်ကြောရေးစခန်းတစ်ခုအဖြစ် ဖမ်းဆီးခံရသူ တွေကို နှိပ်စက်လေ့ရှိတဲ့ နေရာကနေ ပြန်လွတ်မြောက်လာသူထဲ အသက် ၄၇ နှစ်အရွယ် ဒေါ်စန္ဒာသွင်လည်း ပါဝင်ပါတယ်။
ရွှေပြည်သာစစ်ကြောရေးစခန်းကို သူတို့မရောက်ခင် တစ်ပတ်အလိုက ရွှေပြည်သာမှာနေထိုင်တဲ့ ကျောင်းဆရာတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်စစ်မေးခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဖမ်းဆီးခံရချိန်မှာတော့ သေလူအဖြစ်သတ်မှတ်ထားတယ်လို့ သူက ဆိုပါတယ်။
“နှစ်ရက်ဆက်တိုက် မအိပ်ခိုင်းဘဲ စစ်ဆေးခံရတယ်။ သမိုင်းနေတဲ့ အစ္စလာမ်ဘာသာဝင် မိန်းကလေးကိုတော့ နေ့တိုင်းခေါ်ပြီး ရိုက်စစ်တယ်။ စစ်ကြောရေးမှာတော့ ဘာသာခြား လူမျိုးခြားတွေဆိုရင် ပိုပြီး စစ်ဆေးနှိပ်စက်တာတွေ လုပ်တယ်” လို့ သူတွေကြုံခဲ့ရပုံကို ပြောပါတယ်။
သူတို့ လင်မယားနှစ်ဦးကို စစ်ကား ရှစ်စီးနဲ့ နေအိမ်အထိ လာရောက်စစ်ဆေးတဲ့အခါမှာ ဘာမှတွေ့ခဲ့ခြင်း မရှိပေမယ့် သမီးဖြစ်သူ တက္ကသိုလ်ကျောင်းသူအခန်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်ပုံ ကပ်ထားတာကို အကြောင်းပြပြီး နေအိမ်အတွင်း စတင်ရိုက်နှက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ခင်ပွန်းသည်ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ကိုသိန်ထွေးမြင့်က ပြောပါတယ်။
ကိုသိန်ထွေးမြင့်နဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာသွင်ကို စစ်ကောင်စီကဆန္ဒပြရာတွင် ကူညီခဲ့မှု၊လမ်းပိတ်ရာတွင် ပစ္စည်းများဦးဆောင်သယ်ယူသူတွေအဖြစ် စွတ်စွဲသတ်မှတ်ခဲ့ကြပြီးနောက် နေအိမ်အတွင်း လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒေါ်စန္ဒာသွင် စစ်ဆေးခံခဲ့ရတဲ့ ရွှေပြည်သာ စစ်ကြောရေးစခန်းကတော့ အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြရာမှာ ပါဝင်ပတ်သက်သူတွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရသူတွေ၊ စစ်သင်တန်းတက်ရောက်ခဲ့တယ်လို့ သံသယရှိသူတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေကို နည်းမျိုးစုံနဲ့ စစ်ဆေးနေတဲ့ စစ်ကြောရေးတွေထဲက တစ်ခုဖြစ်ပါတယ်။
စစ်ကြောရေးဆီကို စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရတာချင်းတူပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် စိုးရိမ်ပူပန်စရာ တစ်ခုပိုနေသလို နှိပ်စက်ညှဥ်းပန်းခံရတာထက် လိင်ပိုင်းဆိုင်ရာ စော်ကား နှောက်ယှက်ခံရတာတွေလည်း ရှိပါတယ်။ စစ်မေးသူတွေဟာ အမျိုးသားတွေဖြစ်နေတဲ့အတွက် စစ်ကြောရေးမှာ နေခဲ့ရတဲ့ နေ့ရက်တိုင်းဟာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကို ဖြစ်စေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ မဇူးမေက ပြောပါတယ်။
“သူတို့က ပထမ ခြိမ်းခြောက်ပြီး စစ်မေးတာတွေ လုပ်တယ်။ ဖမ်းဆီးခံရတဲ့သူတွေအပေါ် မူတည်ပြီး စစ်မေးတာ။ ဖောက်ခွဲရေးလက်နက် အဲလိုတွေ မိတဲ့သူတွေဆို ပိုဆိုးတယ်။ မိန်းမအဂ်ါကို နံပါတ်တုတ်တွေနဲ့ ထိုးပြီး စစ်တာတွေလည်း ရှိတယ်။ သူတို့ စစ်မေးလို့ အဆင်မပြေတဲ့ သူတွေဆိုရင် ရိုက်နှက်စစ်ဆေးလို့ သေတာတွေလည်း ရှိတယ်။ တချို့ဆိုရင် ထောင်က လွတ်လာ ပေမယ့် အထဲမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူတွေတောင် ရှိပါတယ်” လို့ သူက ပြောပါတယ်။
စစ်ကြောရေးအခန်းတွေမှာတော့ တစ်ဦးနဲ့ တစ်ဦး စစ်ဆေးမေးမြန်းချိန် မတူညီပေမယ့် အနည်းဆုံး ခြောက်ရက်ကနေ ရက် ၄၀ လောက်အထိ ကြာတတ်ပြီး ဒီလို စစ်မေးချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရက်နဲ့ မူးယစ်ဆေးတွေ သောက်စားထားကြတဲ့အတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ၊ နှမသားချင်း မစာနာတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုသုံးနှုန်းပြောဆိုမှုတွေကလည်း နေ့စဉ်ကြားနေရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ သူတွေကို အကြောင်းပြပြီး အပြင်မှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေလည်း အများအပြားရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကြောရေးစခန်းတွေမှာ ဖမ်းမိသူတွေရဲ့ ဖုန်းနဲ့ လက်တော့တွေမှာ ရှိတဲ့အချက်အလက်တွေကို စစ်ဆေးသူတွေက ရယူပြီးနောက် ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေ ပြကာ လူငယ် အများစုကို စစ်ဆေးခြိမ်းခြောက် ဖြေဆိုခိုင်းတာဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူ အများစုကလည်း ကိုယ်ပိုင် အချက်အလက်တွေကို လူမှုကွန်ရက်မှာ ပျံ့နှံ့မှာကို ကြောက်နေကြရတာလည်း ဖြစ်ပါတယ်။ စစ်ကြောရေးမှာ လိင်ပိုင်ဆိုင်ရာ နှောင့်ယှက်ခံရတဲ့အထဲ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ရှိနေတယ်လို့ ထောင်က လွတ်မြောက်လာသူ အမျိုးသား တစ်ဦးက ပြောပါတယ်။
“၂၀၂၂ က မန္တလေးနန်းတွင်းစစ်ကြောရေးထဲမှာ ကျွန်တော်တို့ ခရေကျော်ကြီးဆိုပြီး ခေါ်ခံရတဲ့ အမျိုးသား တစ်ယောက် ရှိတယ်။ သူ့ကို စတင် စစ်မေးတဲ့အခါ ရှေ့နဲ့နောက် ဖြေဆိုမှုတွေ မညီလို့ဆိုပြီး မင်းကို မုဒိမ်းကျင့်လိုက်ရမလားလို့ စစ်တဲ့ ကောင်တွေက အရင် လုပ်တာ။ နောက်တော့ တံမြက်စည်းရိုးနဲ့ အဲဒီ အမျိုးသားစအိုထဲကို ထိုးထည့်ပြီး စစ်မေးတာတွေ လုပ်တယ်။ တချို့ ထောင်ကျတဲ့ သူတွေက သူ့ကို ခရေဖွင့်ခံရလို့ဆိုပြီး ခရေကျော်ကြီးဆိုပြီး စနောက်ကြတယ်။ မြန်မာပြည်မှာ ခံရတဲ့သူတွေ ဖေးမဖို့အတွက် လူတွေက နောက်ပြောင်ဖို့ကို ဝန်မလေးကြဘူး။ သူလည်း အသက် ၃၀ ကျော်လေး ရှိသေးတာ” လို့ သူက ပြောပါတယ်။
အလားတူ ဧရာဝတီတိုင်းမှာလည်း အသက်၂၅ နှစ်အောက် အမျိုးသမီးတွေကို စစ်ကြောရေးစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရင်သား ကိုင်တွယ်စစ်မေးကြတာ၊ တချို့အမျိုး သမီးငယ်တွေကို လက်အောက်ငယ်သားများ ခေါ်ဆောင်လာတဲ့အခါ အရက်သေစာသောက်စားမူးယစ်ပြီး မုဒိမ်းပြုကျင့်တဲ့အထိ လုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“တချို့က လူငယ်စုံတွဲတွေ အဖမ်းခံရပြီး စစ်ကြောရေးထဲ ရောက်လာကြတယ်။ အဆောင်တွေကလည်း ဟိုဘက် ဒီဘက်ဆိုတော့ မြင်နေကြားနေရတာတွေလည်း ရှိတယ်။ အဲဒီကောင်မလေးဆိုရင် သူ့ရည်းစားကောင်လေးရှေ့မှာ ခေါ်သွားပြပြီး မုဒိမ်းကျင့်ပစ်တာ။ သူတို့တွေ ထောင်ထဲ ရောက်တဲ့အခါသတင်းတွေ ကြားရပေမယ့် ဘာမှ လုပ်မရတော့ ဒီအတိုင်း နေရတယ်။ အဲဒီလိုအမှုတွေက စစ်ကြောရေးတွေမှာ ရှိပါတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတဲ့ LGBT တစ်ဦးဖြစ်သူ အစောကတော့ ပုဒ်မ ၅၀၅ (က)၊၅၀ (ည) ပုဒ်မတွေနဲ့ မန္တလေး အောင်မြေသာဇံ အမှတ် (၂) ရဲစခန်းမှာ ဖမ်းဆီးခံခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။
“သူတို့တွေက အားနည်းတယ်ထင်တဲ့ သူတွေ၊ ထင်တဲ့ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ LGBT ဆိုရင် သူများထက် ပိုပြီး ညှင်းပန်းနှိပ်စက်ပြောဆိုတာတွေ ရှိတယ်။ အစောတို့ဆိုရင် သူတို့က နင်တို့လို ကောင်မတွေကမိတ်ကပ်လိမ်းစားနေရမယ်၊ နတ်ကစားနေရမယ်၊ တော်လှန်ရေးနဲ့ အခြောက်တွေက ဘာသက်ဆိုင်လို့လဲ၊ မိတ်ကပ်လိမ်းပြီး လင်ပဲ ထောင်စားနေရမယ့်ဟာတွေ တော်လှန်ရေးနဲ့ နင်တို့က ဘာဆိုင်လဲဆိုပြီး ပြောတာတွေ ရှိတယ်။စစ်ကြောရေးကတော့ မန္တလေးနန်းတွင်းထဲမှာ စစ်ဆေးခံခဲ့ရတယ်။ အဲဒီမှာလည်း စစ်ဆေးတဲ့ သူတွေက အုပ်စုလိုက် သူတို့ ပုဆိုးတွေကို လှန်ပြပြီး လုပ်တာရှိတယ်။ အစောကိုဆိုရင် ဓားနဲ့ မွှန်းတယ်။ လက်သည်းတွေကိုလည်းပလာယာနဲ့ ညှပ်ထုတ်ပစ်တယ်။ ရေနွေးနဲ့ လောင်းပြီး စစ်တယ်။ ကိုယ့်လို ပုံစံတူတွေကိုလည်း ပြောဆိုနှိပ်စက်တာတွေ ရှိသလို တချို့ဆိုရင် ကိုယ့်ထက်တောင် ပိုဆိုးပြီး နှိပ်စက်တာတွေ ရှိတယ်။ အမျိုးသမီးတွေကိုလည်း ပေါင်ဖြဲပြီး စောင့်ကန်တာတွေလည်း မြင်ခဲ့ရတယ်” လို့ အစောက သူ့ကြုံတွေ့ခဲရတာကို ပြောပါတယ်။
စစ်ကြောရေးစခန်းထဲမှာ နှစ်ရက်၊ ရဲစခန်းအချုပ်မှာ နှစ်ပတ်၊ ထောင်ထဲမှာနှစ်လ နေထိုင်ခဲ့ရပြီးနောက် တရားရုံးမှာ အမိန့်ချမယ့် နေ့ရက်မှာပဲ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့သူတစ်ဦး ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ထောင်ထဲမှာလည်း နိုင်ငံရေးသမားတွေနဲ့ အတူ မထားသလို သီးသန့်ခွဲထားတာမျိုး မရှိဘဲ တခြားအမှုက ထောင်ကျတဲ့သူတွေနဲ့အတူ နေထိုင်ရတဲ့အတွက်လည်း စိတ်ထဲမှာ လုံခြုံမှု မရှိသလို နေ့စဉ် ခံစားခဲ့ရတယ် လို့ သူကဆိုပါတယ်။
အမျိုးသမီးတွေကိုလည်း စစ်ကောင်စီလော်ဘီ မီဒီယာတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာနဲ့ အခြားတယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေနဲ့ ဖော်ပြဖမ်းဆီးခိုင်းမှုတွေကိုလည်း နေ့စဉ် တင်နေကြတာ ယနေ့အထိတိုင်ပါပဲ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ စစ်တပ် အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၆၆၄ ဦး သေဆုံးပြီး၊ ၂၄၄၁ ဦး ဖမ်းဆီးခံထားရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ သေဆုံးသူ အမျိုးသမီး ၆၂၈ ဦးအထိ ရှိခဲ့ပြီး နိုဝင်ဘာလအတွင်းမှာတော့ အမျိုးသမီး ၃၆ ဦး သေဆုံးခဲ့ရတာပါ။ အဲဒီ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ လက်နက်ကြီး ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှု၊ ပစ်သတ်ခံရမှု၊ ရိုက်နှက်မှု၊ အရှင်လတ်လတ် မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မကျင့် သတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ သတ်ဖြတ်ခံရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ သိသိသာသာ တိုးလာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၅၉၃၁ ဦးရှိခဲ့ပြီး အဲဒီထဲ အမျိုးသမီး ၅၂၅၀ ဦး ပါဝင်ပါတယ်။ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံခဲ့ရသူ ၁၅၈၈ ဦးမှာလည်း အမျိုးသမီး ၇၇၅ ဦးအထိ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားပါတယ်။
ဒီကိန်းဂဏန်းတွေက လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေအပြင် တိုက်ပွဲ မဖြစ်ပွားတဲ့ ဒေသတွေမှာပါ အမျိုးသမီးတွေဟာ မလုံခြုံမှု၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ သက်သေတွေပါ။
လက်ရှိအချိန်မှာတော့ စစ်ကြောရေးစခန်းတွေမှာ အမျိုးသမီးတွေသာမက အမျိုးသားတွေရော လိင်စိတ်ခံယူမှု ကွဲပြားသူတွေပါမကျန် စစ်ကောင်စီက ရိုက်နှက် သတ်ဖြတ်စစ်ဆေးမှု တွေရှိနေသလို လိင်ပိုင်းဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရမှုတွေ အတွက်လည်း မည်သည့်အဖွဲ့အစည်းကမှ လာရောက်ကူညီပေးနိုင်တာတွေ မရှိသေးဘူးလို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုကြပါတယ်။