Spread the love

ရခိုင်၊ မတ် (၈)

ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီအဖွဲ့တွေကို မဟာမိတ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်ဖို့ရှိနေပြီး သီးသန့်လည်း ထိုးစစ်ဆင်သွားမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အတူ ရက္ခိုင့်တပ်တော် AA ပူးတွဲ စစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်နေတယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိင့်(၂၅၉) လေယာဉ်ကွင်းစခန်းနဲ့ စခန်းတချို့ကို မနေ့ မနက်က စတင်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရင်းတွေက “လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့၊ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီး ထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ်နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်။” လို့ ရက္ခိုင့်တပ်တော် ကပြောပါတယ်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးက စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်အနီးက ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းကို ရက္ခိုင့်တပ်တော် က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *