ရန်ကုန်၊ မတ် (၈)
နွေဦးတော်လှန်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို လေးစား အသိအမှတ်ပြု အလေးအနက်ထားပြီး ဝိုင်းဝန်းချီတက်ကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။
ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲက ဖောက်ထွက်လာတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား အောက်မေ့သတိရသင့်တယ်လို့ ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ သူ ပြောကြားလိုက်ပါတယ်။
ဗြိတိသျှသံရုံး ရန်ကုန် လက်ထောက်သံရုံး အကြီးအကဲ က “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုလိုပါသည်။ အဆိုပါ အမျိုးသမီးများသည် သူတို့၏ မိသားစုများကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးလျက်နှင့်ပင် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဒီမိုကရေစီတစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းမှုများကို ဆက်လက်ဦးဆောင်နေကြသည်။ သူတို့၏ နေ့စဥ်လုပ်ဆောင်ချက်များမှတစ်ဆင့် သူတို့က အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီအနာဂတ် ရရှိစေဖို့ ကြိုးပမ်းခြင်း၏ အရေးပါမှုကို ကျွန်ုပ်တို့အားလုံးအား ပြသနေ” တယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ သြစတြေးလျား၊ ကနေဒါ၊ အစ္စရေး၊ နယ်သာလန်၊ နယူးဇီလန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု နဲ့ ဗြိတိသျှသံရုံးတွေက ဒီနေ့ရဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပူးပေါင်းကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။
“အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အကြမ်းဖက်မှုဒဏ်ကြောင့် ပို၍ ထိခိုက်လွယ်ကြသည်။ ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်အခြေပြု အကြမ်းဖက်မှု အပါအဝင် လိင်အခြပြု အကြမ်းဖက်မှုနှင့် ကျား၊မ ဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှု ပုံစံများ အားလုံးကို နေရာတိုင်းတွင် တားဆီးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် အဆိုပါ အကြမ်းဖက်မှုများတွင် ရှင်သန်ကျန်ရစ်သူများအတွက် အကူအညီ အထောက်အပံ့များ လက်လှမ်းမီစေရေးကို တိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဥ်များတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ တည်ဆောက်နိုင်ရန် လွန်စွာ အရေးပါပါသည်။” လို့ သံရုံးတွေရဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလ က အခု လူထုတစ်ရပ်လုံးက အားကြိုးမာန်တက် ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းနဲ့ မလိုလားအပ်တဲ့ ရှေးရိုးအစဉ်အလာဟောင်းတွေကို တွန်းလှန်တော်လှန်တဲ့ လူထုတော်လှန်ရေးတစ်ရပ်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။