Spread the love

အသက် (၂၆) နှစ်ရှိပြီ ဖြစ်တဲ့ ကစ်ဟာ မိရိုးဖလာဗုဒ္ဓဘာသာ ကိုးကွယ်သူတစ်ယောက်ပါ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာချိန်မှာတော့ သူက ဘာသာမဲ့အဖြစ် ခံယူလိုက်ပါတယ်။

“ဖြစ်နေတဲ့ ပဋိပက္ခတွေ စစ်ပွဲတွေ တရားလက်လွတ်ဖြစ်လုပ်နေတဲ့ ကိစ္စတွေမှာ ဘာသာရေး အဆုံးအမတွေက တကယ်ကို လက်တွေ့ မကြနေလို့ပဲ။ ဘာသာရှိတဲ့လူတွေဘက်က ကြည့်ကြည့် ဘာသာမရှိတဲ့လူတွေဘက်က ကြည့်ကြည့် ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ဒါမှားနေရင် တုံ့ပြန်ရမယ်ပေါ့။ မှန်နေတယ်ဆိုရင် ဆက်လျှောက်ရမယ်ပေါ့။ ဒါက ဘာသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတွေရဲ့ အတွေးအခေါ်က မှန်တယ်။ တကယ်လုပ်မှ တကယ်ရမှာလေ။ ဒါက ကိုယ်တိုင်လည်း သိတယ် လက်ခံရမယ့် အမှန်တရား ဖြစ်တယ်” ဆိုတာကို သိလိုက်လို့ ဘာသာမဲ့အဖြစ် ခံယူခဲ့တာ ဖြစ်တယ်လို့ ကစ် ကပြောပါတယ်။

စစ်ကောင်စီကို တွန်းလှန်တဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့လို့ ကစ် က လက်ရှိအချိန်မှာ လွတ်မြောက်ရာနယ်မြေတစ်ခုမှာ တိမ်းရှောင် နေထိုင်နေတာ ဖြစ်ပါတယ်။

မိရိုးဖလာအရဖြစ်​စေ၊ ယုံကြည်မှုအရဖြစ်စေ ဘာသာတရားတစ်ခုခုကို ကိုးကွယ်နေတဲ့ လူငယ်တွေက အာဏာသိမ်းပြီး နောက်မှာတော့ မိမိတို့ကိုးကွယ်ခဲ့တဲ့ ဘာသာတရားတွေ အပေါ်မှာ စိတ်ပျက်လာခဲ့ကြပြီး ကစ် လိုမျိုးပဲ ဘာသာမဲ့အဖြစ် ခံယူသူတွေ ပိုများလာပါတယ်။

အရပ်သားတစ်ပိုင်း အစိုးရလို့ခေါ်တဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာ ကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဘာသာမဲ့အဖြစ် ခံယူထားသူ ၀ ဒဿမ ၁ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် နွေဦးတော်လှန်ရေးဖြစ်စဉ် နောက်ပိုင်းမှာ ယုံကြည်မှုအရဖြစ်စေ၊ ဓလေ့ထုံးထမ်းတွေအရဖြစ်စေ သက်ဆိုင်ရာ ဘာသာရေးအလိုက် ပေးထားချက်တွေအပေါ်မှာ မယုံကြည်တော့ဘဲ ဘာသာမဲ့အဖြစ် ခံယူသူအရေအတွက် ပိုမိုများလာတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်လို့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက သုံးသပ်ပြောကြားပါတယ်။

ဘာကြောင့် ဘာသာမဲ့တွေ ပိုများလာတာလဲ

ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဟာ မန္တလေး၊ တံတားဦးလေဆိပ်အထွက်မှာ စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ပျံလွန်တော်မူခဲ့ရပြီး အတူပါလာတဲ့ ကန်သုံးဆင့်ဆရာတော် နဲ့ ကားဒရိုင်ဘာလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဟာ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် တို့ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ပြန်လည်စစ်ဆေး အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရဲ့ ဈာပနာအခမ်းအနား ကို စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ သီတဂူဆရာတော် ကြွရောက်ခဲ့ချိန်က “သံဃာတော်အရှင်မြတ်များနဲ့ ဆိုင်တာကတော့ ၁ သည်းခံခြင်း၊ ၂ ခွင့်လွှတ်ခြင်း၊ ၃ ကတော့ မေ့ပျောက်ခြင်း။ ခွင့်လွှတ်တော်မူကြပါ။ မေ့ပျောက်အောင် ကြိုးစားတော်မူကြပါ။ သည်းခံတော်မူကြပါ။ စိတ်ဆိုးမှုတွေကို ထိန်းသိမ်းတော်မူကြပါ။ ဒေါသတွေကို ထိန်းသိမ်းတော်မူကြပါ။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ဒီအမှုကိစ္စကြီးကို ပျောက်ပျက်အောင် နှလုံးသွင်းတော်မူကြပါဘုရား” မိန့်ကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေဟာ အရပ်သားပြည်သူတွေ အပါအဝင် ဘာသာရေးခေါင်းဆောင်တွေပါ မချန် သူတို့နဲ့ ရပ်တည်ချက်မတူ၊ အမြင်မတူတဲ့ မည့်သူကိုမဆို ဖမ်းဆီး၊ ညှင်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်တာတွေကို ပြုလုပ်နေပေမယ့် သီတဂူဆရာတော်လို အထင်ကရ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အပါအဝင် ဘာသာရေးခေါင်းဆောင် အသီးသီးက ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေဟာ စစ်ကောင်စီရဲ့ လူမဆန်လုပ်ရပ်တွေ ပတ်သက်ပြီး မျက်ကွယ်ပြု ရေငုံနှုတ်ပိတ်နေခဲ့လို့ လူငယ်တွေဟာ သူတို့ယုံကြည်ခဲ့ရတဲ့ ဘာသာတရားတွေ အပေါ်မှာ စိတ်ပျက်လာခဲ့ကြတာပါ။  

စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူပင်လယ်ကြီးပမာ လမ်းပေါ်ထွက် ဆန္ဒပြနေချိန်မှာ စစ်ကောင်စီက ဘာသာရေးကို အသုံးချကာ အမျိုးသားဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) လို ဘာသာရေးအမည်ခံအဖွဲ့တွေကို စစ်တပ်ထောက်ခံသူများဆိုပြီး တုံ့ပြန်ဆန္ဒပြခိုင်းတာတွေအပေါ်မှာ ဘာသာရေးခေါင်းဆောင်တွေက တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ မျက်ကွယ်ပြုနေတာကြောင့် တစ်သက်လုံးယုံကြည်ခဲ့ရတဲ့ ဘာသာတရားအပေါ်မှာ အယုံအကြည်မဲ့ပြီး လက်ရှိအချိန်မှာ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရတဲ့ အသက် (၂၇) နှစ်အရွယ် လူငယ်အမျိုးသားကလည်း ဘာသာမဲ့အဖြစ် ခံယူခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ်နှစ်သက်နဲ့ ထောင်ဒဏ် (၃) နှစ် ကို မြောက်ဒဂုံ စစ်ခုံရုံးနဲ့ အင်းစိန်ထောင်တွင်းတရားရုံးက မျက်ကွယ်အမိန့် ချမှတ်ခံခဲ့ရတာပါ။ 

ဓမ္မနဲ့ အဓမ္မအားပြိုင်တဲ့ တိုက်ပွဲလို့ တင်စားခေါ်ဝေါ်ကြတဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကာလအတွင်းမှာ ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှု၊ အလေ့အထတွေနဲ့ ဆုတောင်းမှုတွေ အပေါ်မှာ အယုံအကြည်မဲ့၊ စိတ်ပျက်လာတဲ့ လူငယ်အများစုကို တွေ့မြင်လာရပါတယ်။ 

“စိတ်ပျက်စရာ အခြေအနေမျိုးကို အရမ်းရောက်နေတဲ့အချိန်မှာ ကူရာကယ်ရာမဲ့တယ်လို့ ခံစားရတဲ့ အခါမျိုးမှာ ဒီဘုရား ဒီဘာသာကိုယ်လည်း မယုံကြည်ချင်တော့ပါဘူးဆိုတဲ့ စိတ်မျိုး အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက သုံးနှစ်ကျော်လာပြီလေ ကိုယ့်မိဘ၊ မိတ်ဆွေ သူငယ်ချင်း၊ PDF တပ်ထဲမှာဆို တိုက်ဖော်တိုက်ဖက် ရဲဘော်တွေ သေသွားတာကို လက်တွေ့မှာ မြင်နေရတဲ့အခါကြတော့ ရှေ့ကို စစ်ရေးအခြေအနေက ဘယ်လောက်တိုးလာတဲ့ဟာက မှန်းရ အရမ်းခက်တဲ့ဟာမျိုးတွေ ရှိတဲ့အခါကြတော့ ဒါတွေက စိတ်ကို အရမ်းထုံသွားစေတယ်။” လို့ လွပ်လပ်စွာကိုးကွယ်ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံကွန်ယက်၊ အထွေထွေအတွင်းရေးမှူး ဆိုင်း ကထောက်ပြပါတယ်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မျိုးနွယ်စုဘာသာ နဲ့ နတ်ကိုးကွယ်မှု စတဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေက နွေဦးတော်လှန်ရေးကာလမှာ လူ့အဖွဲ့အစည်းတစ်ခုလုံး လွတ်မြောက်ဖို့အတွက် ဖြေရှင်းလို့မရဘူးဆိုတာကို သိရှိပြီးနောက်မှာ ဘာသာရေးနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးတမ်းတွေအပေါ်မှာ လူငယ်တွေက မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။

“လူငယ်တွေက အရင်ဆို သိပ်ပြီးတော့ နိုင်ငံရေးနဲ့ ဘာသာရေးအပေါ်မှာ သိပ်မစဉ်းစားဘူးပေါ့။ ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာ သူတို့မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းကြီး မြင်သွားတာက ဘယ်ဘာသာတရားမှ သူတို့ဘ၀တွေကို မကယ်နိုင်ဘူးလို့ သူတို့မြင်သွားပုံရတယ်။ နောက်တစ်ခုက စစ်တပ်က ဘာသာတရားတွေကို အသုံးချနေတာကို သွားပြီး မြင်လိုက်တဲ့ အခြေအနေမှာ ဘာသာမဲ့အဖြစ် ခံယူလိုက်တဲ့ လူငယ်တွေ ပိုများလာတာ” လို့ ဘာသာမဲ့အဖြစ် ခံယူထားပြီး အရင်က ရန်ကုန်မြို့မှာ နေထိုင်ခဲ့သူ ကိုကျော်(အမည်လွှဲ) ကပြောပါတယ်။

ကိုကျော်(အမည်လွှဲ) ကလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာ ခံခဲ့ရသူဖြစ်ပြီး ပြန်လည်လွတ်မြောက်လာပြီးနောက်မှာတော့ အိမ်နီးချင်းနိုင်ငံတစ်ခုမှာ တိမ်းရှောင် နေထိုင်နေတာ ဖြစ်ပါတယ်။

“ဘယ်ဘုရားကမှ ဘ၀တွေကို လာမကယ်ဘူး ဆိုတာမျိုး သူတို့က အဲ့လိုမျိုးတွေ နားလည်လိုက်ပြီ။ ပွင့်ပွင်းလင်းလင်းပြောရင် ပရိတ်တွေ ရွတ်နေလည်း အလကားပဲ အာဏာရှင် ပြုတ်ကြသွားမှာ မဟုတ်ဘူး။ အာဏာရှင်ပြုတ်ဖို့အတွက် သေနတ်ကိုင်ပြီး တိုက်မှရမယ်ဆိုတဲ့ လူတွေက ယုံကြည်သလို နောက်တစ်ခုက အတွေးအခေါ် နဲ့ တိုက်ရမယ်ဆိုတဲ့ လူငယ်တွေကလည်း အများကြီးရှိတယ်။ လူတို့က ဘာသာတရားတွေအပေါ်မှာ ယုံလည်း မယုံတော့ဘူး၊ လုပ်လည်း မလုပ်တော့ဘူးဆိုတဲ့ အခြေအနေမျိုးကို သွားတွေ့ရတယ်။” လို့ ကိုကျော်(အမည်လွှဲ) ကဆိုပါတယ်။

လက်ရှိအချိန်မှာ ဘာသာမဲ့အရေအတွက် ဘယ်လောက်တိုးလာလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ သီးခြားစစ်တမ်းကောက်ယူနေတဲ့ အဖွဲ့အစည်းတွေ မရှိသေးပေမယ့် ပတ်ဝန်းကျင်မှာ ဘာသာမဲ့အဖြစ်ခံယူတဲ့ လူငယ်အရေအတွက် များလာတာတွေ့ရလို့ ဒါနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူတာမျိုး စလုပ်သင့်နေပြီ ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ 

“ယုံကြည်ကိုးကွယ်မှုအရ ကံကံ၏ အကျိုးပဲ ဖြစ်ပါစေ။ ထာ၀ရဘုရားရှင်က ပေးထားတဲ့ ပေးထားချက်တွေပဲ ဖြစ်ပါစေ။ ငါတို့ရဲ့ ဘ၀လုံခြုံမှုနဲ့ ငါ့တို့ရဲ့ လူ့အဖွဲ့အစည်း တိုးတက်မှုလို့ ကိစ္စတွေကနေ စပြီးတော့ ကာကွယ်ပေးနိုင်ခြင်းလည်း မရှိဘူး။ ဖြည့်ဆည်းပေးနိုင်ခြင်းလည်း မရှိဘူး။ မရှိတဲ့အတွက် ဒီယုံကြည်ကိုးကွယ်မှုတွေကို စွန့်လွှတ်ပြီး ငါခြေထောက်ပေါ် ငါရပ်ပြီး ငါဘ၀ကို ငါတာဝန်ယူမယ်ဆိုတဲ့ လူငယ်တွေ အရေအတွက်တွေ တွေ့ရတဲ့ပမာဏာ ပတ်ဝန်းကျင်မှာ တိုးတက်များပြားလာတယ်ဆိုတာ ကျွန်တော်လည်း သတိထားမိပါတယ်။” လို့ ဗမာ့ပြည်တွင်းစစ်ပြတိုက်၊ သုတေသီ ကိုရဲဟိန်းအောင် က ပြောပါတယ်။

နွေဦးတော်လှန်ရေး ကာလမတိုင်ခင်က ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေက ထိလွယ်၊ ရှလွယ် ကိစ္စရပ်တွေအဖြစ် သတ်မှတ်ထားလို့ ဆွေးနွေးဖို့ ခက်ခဲခဲ့ပါတယ်။

“နွေဦးတော်လှန်ရေး နောက်ပိုင်းမှာကြတော့ လူအဖွဲ့အစည်းမှာ ရုတ်ခြင်းပြောင်းလဲမှုက ဘာဖြစ်လာလဲဆိုတော့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေးတွေ၊ ယဉ်ကျေးမှုတော်လှန်ရေး စကားတွေ ပြောလာတဲ့အခါမှာ အရင်ထက်စာရင် လူငယ်တွေက လူလတ်ပိုင်းတွေက အာသိသရှိလာတယ်။ သိချင်လာတယ်။ အရင်က သူတို့မမြင်တဲ့ ရှုထောင့်တွေအပေါ်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးမှုတွေ များလာတွေ့ရတယ်။” လို့ ကိုရဲဟိန်းအောင် ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ လူမှုကွန်ယက်ပလက်ဖောင်းတွေ၊ စကားဝိုင်းတွေနဲ့ ဆွေးနွေးပွဲတွေမှာ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုအပေါ်မှာ မေးခွန်းထုတ်လာတဲ့ အခြေအနေမျိုးတွေက အရင်ကထက် ပိုမိုပြင်းထန်လာခဲ့ပါတယ်။ 

“နွေဦးတော်လှန်ရေးကာလမတိုင်ခင်တုန်းက ကျွန်တော်ပတ်ဝန်းကျင်က လူတွေက အဲ့လိုပြောဖို့၊ ခံယူဖို့ မဝံ့မရဲဖြစ်တယ်။ နောက်ပြီး ဒါကမှန်ရော မှန်ရဲ့လားဆိုတဲ့ အမြင်တွေရှိတယ်။ နွေဦးတော်လှန်ရေး နောက်ပိုင်း တိုင်းတာလို့ရတဲ့အချိန်မှာတော့ အရေအတွက်က များပြားလာတယ်။ အရင်ကဆို ဒီကိစ္စတွေ ဆွေးနွေးဖို့ ခက်ခဲတယ်။ အခုနောက်ပိုင်းကြတော့ လူငယ်ရဲဘော်အများစုက လွတ်လွတ်လပ်လပ် ဆွေးနွေးလာကြတယ်။ ဘာသာရေးပေါ်မှာ မေးခွန်းထုတ်တဲ့ ပုံစံမျိုးတွေပေါ့။ ဒါသည် အတွေးအခေါ်အရ တော်လှန်ပြောင်းလဲမှု တစ်ခုအတွက် ရှေ့တိုးလာတဲ့ အနေအထားလို့ သုံးသပ်လို့ရပါတယ်။” ကိုရဲဟိန်းအောင် က မှတ်ချက်ပြုပါတယ်။  

ဘာသာမဲ့ဆိုတာ ဘာလဲ

ဘာသာတရား (ခေါ်) ဘာသာအယူဝါဒက လူ့အဖွဲ့အစည်း အသီးသီးမှာ လူမှုအသိုင်းအဝိုင်း အသီးသီးမှာ မွန်မြတ်မှန်ကန်တယ်လို့ ယူဆကြတဲ့ ကိုးကွယ်ကြ (သို့မဟုတ်) ကျင့်ကြံကြတဲ့ အကောင်း-အဆိုး ဗေဒ နဲ့ လောကကြီးအကြောင်းကို အမှတ်ကန်ဆုံး ရှင်းပြတယ်လို့ အသီးသီး ယုံကြည် (သို့မဟုတ်) ယူဆကြတဲ့ သဘာဝတရား ဗေဒ အစုအဝေး အမျိုးမျိုးဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မျိုးနွယ်စုဘာသာတွေ၊ နတ်ကိုးကွယ်မှု နဲ့ ဘာသာမရှိသူ (ဘာသာမဲ့) တွေစတဲ့ ကိုးကွယ်မှုပေါင်းစုံ ရှိတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင်နဲ့ အစိုးရအဆက်ဆက်က ထေရဝါဒ ဗုဒ္ဓဘာသာကို ပိုမိုအလေးထားကြပါတယ်။

“မြန်မာစစ်တပ်က အစိုးရ အဆက်ဆက်က လုပ်ဆောင်ခဲ့တာ ရှိတယ်။ မြန်မာစစ်တပ်ဆို အမြဲတမ်းဝါဒဖြန့်တာက သူပုန်တွေ တော်လှန်ရေးသမားတွေက ဘာသာမဲ့တွေများတယ် ဒီကောင်တွေက ဘာသာမဲ့တွေ ကွန်မူနစ်တွေ၊ အဖေကို ပြန်ပြီး ဝါးရင်းဒုတ်နဲ့ ရိုက်သတ်ချင်တဲ့အကောင်တွေ။ အဲ့လိုမျိုးဟာတွေကို ၁၉၆၀ ကျော်ကာလထဲက စပြီး တောက်လျှောက်ဝါဒဖြန့်ခဲ့တာ ဖြစ်တယ်။ ဒါတွေသည် တစ်စုံတစ်ရာကို မယုံကြည်တဲ့ လူတွေကို အကြမ်းဖက်သမားတွေ လူဆိုးတွေ လူရမ်းကားတွေအဖြစ် မြင်သွားအောင် ဝါဒဖြန့်တာ အဲ့ဒါမျိုးတွေကို လူ့အဖွဲ့အစည်းက နားလည်လက်ခံဖို့ လိုအပ်တယ်။”  ဗမာ့ပြည်တွင်းစစ်ပြတိုက်၊ သုတေသီ ကိုရဲဟိန်းအောင် က ပြောပါတယ်။

ဘာသာမဲ့ ဆိုသည်မှာ ကိုးကွယ်တဲ့ ဘာသာ မရှိသူတွေ၊ မည်သည့်ဘာသာကိုမှ မကိုးကိုယ်ခြင်း၊ တန်ခိုးရှင်ဝါဒ အပေါ် မဝပ်တွားတတ်သူတွေနဲ့ အကြွင်းမဲ့ မယုံကြည်တတ်သူတွေလို့ ဆိုတာဖြစ်ပါတယ်။

“တကယ်တော့ ဘာသာမဲ့တယ်၊ ယုံကြည်ကိုးကွယ်မှုမဲ့တယ် ဆိုတာက LGBT လိင်စိတ်ခံယူမှု ကွဲပြားတဲ့လူလိုပဲ တစ်စုံတစ်ခုကို သူရွေးချယ်တာပဲ၊ ရွေးချယ်လိုက်တာပဲ၊ ယုံကြည်တဲ့လူပဲဖြစ်ပါစေ မယုံကြည်တဲ့လူပဲဖြစ်ပါစေ၊ လူရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် လူ့အခွင့်အရေးကို သူရဲ့ မယုံကြည်ခွင့်သည် လွတ်လပ်စွာရှိရမယ်။ ဒီအပေါ်မှာ တားဆီးပိတ်ပင်တာ ဒီလိုလူတွေပေါ်မှာ ပျက်ရယ်ပြုတာ ဘယ်ဘာသာရေးယုံကြည်မှု အပေါ်ကိုမှ ပျက်ရယ်ပြုတာ မရှိပါဘူး။ မလုပ်သင့်ပါဘူး၊ အမုန်းစကားနဲ့ တိုက်ခိုက်ခွင့်မရှိပါဘူး။” ကိုရဲဟိန်းအောင် ကဆိုပါတယ်။

ဘာသာမဲ့ အမျိုးအစားများစွာရှိပြီး အနှစ်ချုပ်အားဖြင့် လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ မိရိုးဖလာဘာသာတွေကနေ ကင်းလွတ်ပြီးတော့ မိမိယုံကြည်ရာကို နေထိုင်ကြသူတွေကိုလည်း ဘာသာမဲ့ဆိုပြီး အနက်အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

“ဒီခေတ် ဒီအခါမှာကြတော့ အကြမ်းမဖက်ဘူးဆိုရင် ကိုယ်သေဖို့ပဲ ကျန်တော့တာလေ။ အဲ့အတွက် လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ ပတ်ဝန်းကျင်မှာလည်း လူငယ်တော်တော်များများက အဲ့ပုံစံပေါက်လာကြတယ်။ နောက်တစ်ခုက ဘာသာမဲ့ဖြစ်ခြင်းက trend မဟုတ်ဘူး။ ဘာသာမဲ့ဖြစ်လို့လဲ အတွေးအခေါ်တွေက မြင့်မြတ်ထူးခြားနေတာ မဟုတ်ပါဘူး။ အဓိကက ရှိနေတဲ့ အတွေးအခေါ်တွေထဲက တချို့သော မလိုတော့ဘူးလို့ ယူဆတဲ့အရာတွေကို ဖယ်လိုက်တာပဲ ဖြစ်တယ်။” ကစ် ကဆိုပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်က တစ်ဦးတစ်ယောက် သို့မဟုတ် လူ့တစ်စု ရဲ့ လွတ်လပ်ခွင့်ကို ထောက်ခံတဲ့ နိယာမတရားပင်ဖြစ်ပြီး လူထု သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍာတွေမှာ ဘာသာရေး သို့မဟုတ် ယုံကြည်ကိုးကွယ်မှု ကို သင်ကြားခြင်း၊ လေ့ကျင့်ခြင်း၊ ကိုးကွယ်ခြင်းနဲ့ ဆည်းပူးလေ့လာမှု တွေကလည်း ဘာသာရေးလွတ်လပ်ခွင့်ရဲ့ နိယာမတရားတွေ ဖြစ်ပါတယ်။

“အေးဂျင့် (ကိုယ်စားလှယ်) လို့ခေါ်တဲ့ ဘုန်းကြီးတွေ ဗလီဆရာတွေ သင်းအုပ်ဆရာတွေ ဘာသာရေးခေါင်းဆောင် ဘာသာရေးပညာရှင်တွေက အာဏာရှင်တွေရဲ့ လက်ဝေခံဖြစ်သွားတဲ့ အခါကြတော့ ဖိနှိပ်ခံတွေ လူတွေကို ဖိနှိပ်မှုမှာ အသားကြသွားအောင် စနစ်တကျ လုပ်ဆောင်မှုတွေ ရှိတာကို သတိပြုရမယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဒီအတွေးအခေါ်  ဒီအမြင်တွေကို လက်ခံလိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ တော်လှန်ရေးဆိုတာကိုတောင် လုပ်စရာမလိုတဲ့ အနေအထားဖြစ်သွားမယ်။ အခုဝမ်းသာစရာကောင်းတာက အဲ့အပေါ်မှာ မေးခွန်းထုတ်လာတယ်။ အဲ့အပေါ်မှာ အရွေ့တစ်ခုကို ဖန်တီးလာကြတယ်။ ဒါသည်ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် တိုးတက်လာတဲ့ ပြောင်းလဲမှု လမ်းစ” လို့ ဗမာ့ပြည်တွင်းစစ်ပြတိုက်၊ သုတေသီ ကိုရဲဟိန်းအောင် က သုံးသပ်ပြောကြားပါတယ်။

ဘာသာမဲ့တွေရဲ့ ရပ်တည်ချက်

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာ လူတိုင်းအနေနဲ့ ဘာသာတရား (သို့မဟုတ်) ယုံကြည်ကိုးကွယ်မှု ရှိပိုင်ခွင့်၊ ဘာသာတရား (သို့မဟုတ်) ယုံကြည်ကိုးကွယ်မှု ပြောင်းလဲပိုင်ခွင့်၊ မိမိတို့ရဲ့ ဘာသာတရား (သို့မဟုတ်) ယုံကြည်ကိုးကွယ်မှုကို လူသိရှင်ကြား ဖော်ပြခွင့် နဲ့ မယုံကြည်ပါက မကိုးကွယ်ခွင့် ရှိတယ်လို့ သတ်မှတ် ပြဌာန်းထားပါတယ်။

“လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ပြောလိုက်ပြီဆို ကိုးကွယ်ခွင့်ရော ယုံကြည်ခွင့်ရောရှိတယ်။ ကိုးကွယ်တဲ့အခါမှာ ဘာသာတွေကို ကိုးကွယ်တာဖြစ်နိုင်သလို ဘယ်ဘာသာကိုမှ မကိုးကွယ်ဘူးဆိုတဲ့ ယုံကြည်ချက်လည်း ဖြစ်နိုင်တယ်။ ဒီယုံကြည်ချက်ပေါ်ကို ကာကွယ်ပေးထားတာ။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အောက်ထဲမှာ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်လို့ ပြန်ပြီးတော့ အားလုံးကို သတိပေးချင်ပါတယ်။ အားပေးချင်ပါတယ်။” လွပ်လပ်စွာကိုးကွယ်ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံကွန်ယက်၊ အထွေထွေအတွင်းရေးမှူး ဆိုင်း ကပြောပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် (သို့မဟုတ်) လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာ မတူညီတဲ့ ဘာသာတရားတွေကို ကျင့်သုံးသူတွေနဲ့ ခံယူထားသူ တစ်စုံတစ်ဦးကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

အစဉ်အလာအရ၊ အစဉ်အလာမဟုတ်တဲ့ ဘာသာတရားအသစ်၊ ဘာသာမဲ့နဲ့ မယုံကြည်သူတွေ၊ ဝန်ခံဖြောင့်ချက်ပေး ပိုင်ခွင့်တွေကိုလည်း အမြဲကာကွယ်ပေးပါတယ်။

ဘာသာမဲ့အဖြစ် ခံယူထားတဲ့ ကိုကျော်(အမည်လွှဲ) က “ကျွန်တော်မြင်တာတော့လေ ဘာသာမဲ့အဖြစ် ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ ကိုယ်က ဘာသာတရားတစ်ခုကို ကိုးကွယ်ပြီးတော့ လူတွေကို အကျင့်လိုက်ယုတ်နေမယ်ဆိုတာက ယုတ်မာတာပဲ။ ကိုယ့်က ဘာသာမဲ့ဖြစ်ပြီး လူတွေကို အကျင့်လိုက်ယုတ်ရင်လည်း ယုတ်မာတာပဲ။ အဲ့ဒါကြတော့ လူနဲ့ ဆိုင်တာပေါ့။” လို့ သူက ပြောဆိုလိုက်ပါတယ်။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုတာ ဘာသာတရား (သို့မဟုတ်) ယုံကြည်ကိုးကွယ်ခွင့်၊ ပြောင်းလဲပိုင်ခွင့်နဲ့ ဆန္ဒရှိပါက အများသိစေဖို့ ထုတ်ဖော်ပြောဆိုခွင့်တွေကို လူတစ်ဦးချင်းဆီကို ပေးထားတာ ဖြစ်ပါတယ်။

“ဘာသာရေးကိုတော့ ကိုယ့်အတွေးအခေါ်နဲ့ကိုယ် လုပ်ပါ၊ မလုပ်ပါလို့ မပြောလိုဘူး။ ဒါပေမဲ့ အမှန်တရား ဆိုတာက ရှိတာပေါ့။ လူတွေမြင်တဲ့ အမှန်တရားဆိုတာရှိတာပေါ့။ ဘယ်ဟာက အမှန်တရား ဘယ်ဟာက အမှားဆိုတာ ခွဲခြားသိဖို့တော့ လိုတာပေါ့။ အဲ့ဒီအခြေခံအသိဉာဏ်ပေါ့။ နောက်ပြီး လူဖြစ်တယ်ဆိုတဲ့ အခြေခံအသိဉာဏ်ရှိရင် လုံလောက်ပြီပေါ့။ ကျန်တဲ့ကိစ္စက ဘာသာတရားကိုးကွယ်ခြင်း မကိုးကွယ်ခြင်း ပေါ်မှာတော့ မမူတည်ဘူး။ မပြောလိုဘူးပေါ့။ အဓိကက လူတွေကို အကျင့်လိုက်မယုတ်ဖို့ပဲ လိုတယ်။ အဲ့ဒါပါပဲ။” လို့ ခံယူထားတဲ့ ကိုကျော်(အမည်လွှဲ) ကဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက လူသားတိုင်းခံစားနိုင်တဲ့ အခြေခံလူ့အခွင့်အရေးတွေ ကို ဖော်ထုတ်အတည်ပြုခဲ့တဲ့ ဒီဇင်ဘာ (၁၀) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

လူ့အခွင့်အရေးကြေညာစာတမ်းမှာ အချက်ပေါင်း ၃၀ ပါဝင်ပြီး အပိုဒ် ၁၈ မှာ လူတိုင်းက လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ ဆင်ခြင်တုံတရားရှိခွင့်နဲ့ ကိုးကွယ်ခွင့်ရှိပြီး အဲ့ဒီအခွင့်အရေးကို မိမိကိုးကွယ်တဲ့ဘာသာ (သို့မဟုတ်) သက်ဝင်ယုံကြည်မှုကို လွတ်လပ်စွာ ကူးပြောင်းခွင့်နဲ့ လွတ်လပ်ခွင့်တွေ ပါဝင်ပါတယ်။

“အဓိကက ဘာသာမဲ့ဖြစ်သွားလို့လည်း ဘုရားတွေကို စော်ကား မော်ကား စရာလည်း မလိုဘူးပေါ့။ ဘာသာရှိနေတဲ့လူကို သွားပြီး ပုတ်ခတ်စရာလည်း မလိုပါဘူး။ ဘာသာရှိတယ် ဘာသာမဲ့တယ်ဆိုတာက ပိတ်ပင်ထားတဲ့ စည်းမျဉ်းတွေ ဘောင်တွေ ခြံစည်းရိုးဝန်းတစ်ခုထဲမှာ နေတဲ့လူနဲ့ လွတ်လပ်တဲ့လူသားတစ်ယောက် ဖြစ်သွားတယ်ပေါ့ အဲ့ဒါပဲ မတူတော့တာပါ။” လို့ ကစ် ကပြောပါတယ်။

မိမိတို့ကိုးကွယ်တဲ့ဘာသာ (သို့မဟုတ်) သက်ဝင်ယုံကြည်မှုကို တစ်ဦးချင်းဖြစ်စေ၊ အများနဲ့ဖြစ်စေ၊ အများပြည်သူရှေ့မှောက်မှာဖြစ်စေ၊ သီးခြားဖြစ်စေ၊ လွတ်လပ်စွာ သွန်သင်ခွင့်၊ ကျင့်သုံးခွင့် ဝတ်ပြုကိုးကွယ်ခွင့်နဲ့ ဆောက်တည်ခွင့်ရှိပါတယ်။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်ကို နိုင်ငံတကာဥပဒေနဲ့ သဘောတူချက်တွေမှာလည်း အသိအမှတ်ပြုထားပါတယ်။

“ငါက ဘာသာမဲ့ဖြစ်တယ်ဆိုတာကို လူတိုင်းကို လိုက်ပြောမနေဘူး ပြောစရာလည်း မလိုဘူးလို့မြင်တယ်။ အဲ့တော့ ကိုယ့်ဘာသာနေလိုက်တယ်။ အဓိကက လူသားဆန်ပါ။ လုပ်စရာရှိတာကို လုပ်ပါ။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်သလောက် ပေးကြပါ။ လူတွေက ချစ်ခြင်းမေတ္တာတရား လိုအပ်တယ်ပေါ့။ အဓိက အရေးကြီးဆုံးက ချစ်ခြင်းမေတ္တာတရားပါပဲ။ မေတ္တာတရားက ဒီကမ္ဘာကြီးမှာ အလိုအပ်ဆုံးအရာပဲ။” လို့ ကစ် ကဆိုပါတယ်။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်က လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်နဲ့ ခံယူရပ်တည်နိုင်ခွင့်တွေ ပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရပိုင်ခွင့်ဖြစ်ပြီး လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၁၉ ဖြစ်တဲ့ လူတိုင်းလွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှိရမယ်ဆိုတဲ့အချက်နဲ့လည်း ဆက်စပ်နေပါတယ်။

“ဘယ်ဘာသာဝင်ပဲ ဖြစ်ပါစေ ဘာသာတွေရဲ့ အလေ့အထတွေကို လိုက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဘယ်လိုအသားရောင်ပဲ ရှိပါစေ ဘယ်လိုပဲ နေထိုင်နေပါစေ အဓိက အနစ်သာရက ဘာလဲဆိုတာကို သိဖို့လိုတယ်။ အဲ့တိုင်းလိုက်ပြီးတော့ ကျင့်သုံးနေထိုင်ဖို့လိုတယ်။ အဲ့လိုဆို ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိလာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။” ကစ် မှတ်ချက်ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *