Spread the love

“ကျွန်တော်က အိုင်တီပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် လူမျိုးခြားဖြစ်နေလို့ဆိုပြီး တက်ချင်တဲ့ကျောင်း ရွေးချယ်ခွင့်မရခဲ့ဘူး။ မွတ်စလင်တွေဆိုရင် သမိုင်းနဲ့ မြန်မာဘာသာပဲ ရွေးချယ်လို့ ရမယ်လို့ သူတို့က သတ်မှတ်ထားတာ” လို့ အသက် ၁၉ နှစ်အရွယ် ရိုဟင်ဂျာ မွတ်စလင်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ကိုဇေယျာလင်း ကပြောပါတယ်။

သူကတော့ ရခိုင်ပြည်နယ်က လက်တဆုပ်စာသာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ရိုဟင်ဂျာကျောင်းသားတွေထဲက တစ်ဦးပါ။

ရည်မှန်းချက်ကြီးကြီးနဲ့ ငယ်ငယ်ကတည်းက စာကြိုးစားခဲ့ပေမယ့် ၁၀ တန်း အောင်ပြီး နောက်မှာတော့ သူတက်ရောက်ချင်တဲ့ တက္ကသိုလ်တက်ခွင့် မရခဲ့ပါဘူး။

လူတိုင်းဟာ ပညာရှာချိန်အရွယ်မှာ ပညာရှာ၊ အလုပ် လုပ်ကိုင်ရမယ့် အရွယ်မှာ အလုပ်လုပ်ကိုင်ကြရမှာ ဖြစ်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုးနေတဲ့ လူငယ်ပေါင်းများစွာ ရှိနေပါတယ်။ အဲ့ဒီထဲမှာ ကိုဇေယျာလင်းတို့လို လူမျိုးစုနှစ်ခုကြား ပဋိပက္ခတစ်ခုရဲ့ လောင်းရိပ်ကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လူငယ်တွေလည်း ပါဝင်နေတာပါ။

ဒီလူမျိုးစုတွေဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများဆုံးအခြေချ နေထိုင်ကြပြီး၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေထဲက မွတ်စလင်လူနည်းစုတစ်စုဖြစ်တဲ့ ရိုဟင်ဂျာတွေပဲ ဖြစ် ပါတယ်။

သူတို့တွေဘာကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေတာလဲ

အရင်တုန်းက ရခိုင်ပြည်နယ်မှာ ပညာရေးတန်းတူရည်တူ သင်ကြားခွင့်ရခဲ့ကြပေမယ့် ၂၀၁၂ လူမျိုးရေး ဘာသာ ရေးပဋိပက္ခဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး ဒီအခွင့်အရေး ဆုံးရှုံးသွားခဲ့ရတယ်လို့ ကိုဇေယျာလင်း ကပြောပါတယ်။

အဲဒီပဋိပက္ခကြောင့် ရခိုင်ပြည်နယ်က လူမျိုးစုအသိုင်းအဝန်း နှစ်ခုအကြားမှာ အပြန်အလှန်ယုံကြည်မှု မရှိတော့ ဘဲ အမုန်းတရားတွေ ကြီးစိုးခဲ့ပါတယ်။

နောက်ထပ်ပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်ဆိုပြီး သမ္မတဦးသိန်းစိန် အစိုးရက ရိုဟင်ဂျာကျောင်းသူ ကျောင်းသားတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်လိုက်ပါတယ်။

ရိုဟင်ဂျာလူမျိုးစုနဲ့ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက် စု‌ဆောင်းသူတွေရဲ့ ခန့်မှန်းချက်တွေအရ ရိုဟင်ဂျာ လူငယ်ထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံမှာ တရားဝင်ပညာရေးကို လက်လှမ်းမီဖို့ ငြင်းပယ်ခံနေရဆဲဖြစ်တာ ကို ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနည်းဆုံး ရိုဟင်ဂျာကလေးနဲ့ လူငယ် လေးသိန်းကနေ ငါးသိန်းအထိ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို သူတို့က ခန့်မှန်းထားကြပါတယ်။

မြန်မာစစ်ကောင်စီဟာ ရိုဟင်ဂျာလူမျိုးစုရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုနဲ့ ကျောင်းတွေ တက္ကသိုလ်တွေနဲ့ တခြားပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ထားတာပါ။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာလည်း ရှုပ်ထွေးနေပြီး ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီရဲ့ နှစ်ဖက်တိုက်ပွဲတွေကလည်း ပြင်းထန်နေတဲ့အတွက် ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ ရိုဟင်ဂျာ လူငယ်အရေအတွက်ကို အတိအကျကောက်ယူဖို့ ခဲယဉ်းနေပေမယ့် အခုထက်ပိုများလာမယ်လို့လည်း ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ လူ့အခွင့်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရဲ့အခြေအနေနဲ့ ကျယ်ပြန့်လာတဲ့ တိုက်ပွဲ ပဋိပက္ခတွေဟာ လူငယ်တွေ အထူးသဖြင့် ရိုဟင်ဂျာလူငယ်တွေရဲ့ ပညာသင်ယူခွင့်အပေါ် အတားအဆီးတွေ ဖြစ်စေခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကိုဇေယျာလင်းတို့လို လူငယ် တွေဟာ တက္ကသိုလ်တက်ရောက်ခွင့်ရဖို့ စုပေါင်းကြိုးစားခဲ့ကြပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပေမယ့် တက္ကသိုလ်တက်ရောက်ခွင့်မရတဲ့ လူငယ်တစ်ရာကျော် စုပေါင်းလက်မှတ်ထိုးပြီး တက္ကသိုလ်မှာ ဆက်လက်တက်ရောက် ပညာသင်ကြားခွင့်ရအောင် လုပ်ဆောင်ပေးဖို့ မြို့နယ်၊ ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအစိုးရ အဖွဲ့အထိကို အဆင့်ဆင့်တက်ပြီး စာတင်ခဲ့ပေမယ့် အကြောင်းပြန် မလာခဲ့ပါဘူး။

“ကျွန်တော်တို့ ကျောင်းတက်ချင်လို့ သူငယ်ချင်းတွေစုပြီး စာတင်တာ ဘာမှအကြောင်းမထူးဘူးဗျ။ ဒါပေမယ့် ရခိုင်ကျောင်းသားသမဂ္ဂနဲ့ မွတ်ဆလင်ကျောင်းသားသမဂ္ဂတို ပူးပေါင်းပြီး ကူညီပေးလိုက်မှ စစ်တွေတက္ကသိုလ် တစ်ခုတည်းမှာ ကျောင်းတက်ရောက်ခွင့်ရခဲ့တာပါ” လို့ ကိုဇေယျာလင်း က သူတို့ကြုံတွေ့ခဲ့တဲ့ အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်မှာတော့ စစ်တွေတက္ကသိုလ် အပါအဝင် ရခိုင်ပြည်နယ်က တက္ကသိုလ်တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တွေတက္ကသိုလ်မှာ နေ့သင်တန်းတက်ရောက်ခွင့်ရခဲ့သူတွေထဲမှာ ရိုဟင်ဂျာကျောင်းသား၊ ကျောင်းသူတစ်ရာကျော်လည်း ပါဝင်ခဲ့ပါတယ်။

ဒီလိုကျောင်းသားတွေ ကျောင်းပြန်တက်ရောက်ခွင့်ရခဲ့တာကလည်း လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ မွတ်စလင်ကျောင်းသားတွေ ကျောင်းတက်ခွင့်ရဖို့ တောင်းဆိုမှုတွေ၊ ဆွေးနွေးမှုတွေကို ကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ပြီးမှ ထောင်နဲ့ချီတဲ့ မွတ်စလင်ကျောင်းသားတွေထဲကမှ ပမာဏနည်းနည်းလေး ကျောင်းတက်ခွင့် ရရှိခဲ့တာဖြစ်ကြောင်း ရခိုင်ကျောင်းသားသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲဝင် ကိုမင်းကိုအောင် ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရိုဟင်ဂျာကျောင်းသားတွေ တက္ကသိုလ်တက်‌ခွင့်ရအောင် စစ်တွေတက္ကသိုလ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး စီစဉ်ခဲ့ကြတာကြောင့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာ ရိုဟင်ဂျာကျောင်း သားတချို့ စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရခဲ့ပါတယ်။

တက္ကသိုလ်တက်ခွင့်ရပေမယ့် တက်ချင်တဲ့ ဘာသာရပ်တက်ခွင့်ရရဲ့လား

တကယ်တမ်း တက္ကသိုလ်တက်ခွင့် ရရှိလာခဲ့တဲ့အခါမှာလည်း ကျောင်းသူကျောင်းသားတွေအတွက် စိန်ခေါ်မှု ကြီးကြီးမားမားတွေက စောင့်ကြိုနေခဲ့တာပါ။ အဲဒီစိန်ခေါ်မှုကတော့ တက်ချင်တဲ့ ဘာသာရပ်ကို တက်ခွင့်မရတဲ့ အ အခက်အခဲ ဖြစ်ပါတယ်လို့ မောင်တောမြိုနယ်မှာနေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်တဲ့ ကိုခင်မောင် ကပြောပါတယ်။

“၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်တက်ခွင့်ရပြန်တော့လည်း ကိုယ်အမှတ်မီပြီး တက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ခွင့် မရပါဘူး။ ရိုဟင်ဂျာတွေ တက္ကသိုလ်တက်မယ်ဆိုရင် သမိုင်းနဲ့ မြန်မာစာနှစ်ခုပဲ ရွေးချယ်ခွင့်ပြုတော့ ကျွန်တော် ဒီဘာသာရပ်တွေကို စိတ်မဝင်စားပေမယ့် ဘွဲ့ရချင်လို့ သမိုင်းဘာသာကိုပဲ ရွေးပြီး တက်ခဲ့ရတယ်။ ကျောင်းအပ်လို့ နာမည်စာရင်းသွင်းရင်လည်း ဘင်္ဂလီ/မွတ်စလင်လိုပဲ စာရင်းသွင်းလို့ရပါတယ်။ ရိုဟင်ဂျာလို ပြောရင်လည်း စာရင်းသွင်းလို့ မရပါဘူး” လို ကိုခင်မောင် ကရင်ဖွင့်ပါတယ်။

ဒါ့အပြင် စစ်တွေမြို့ရဲ့ပြင်ပကနေ ကျောင်းလာတက်ရမယ့် ကျောင်းသားတွေ ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ခံထားရမှုကလည်း ပညာသင်ယူခွင့်ရဖို့အတွက် နောက်ထပ်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။

မိဘက ဒါမှမဟုတ် ကျောင်းတက်ရောက်မယ့် ကျောင်းသားက မှတ်ပုံတင်မရှိကြတဲ့အခါမျိုးတွေမှာ စစ်တွေမြို့ကို သွားရောက်ဖို့ ပုံစံ ၄ ဆိုတဲ့ စာရွက်စာတမ်း အထောက်အထားတစ်ခုကို အခက်အခဲများစွာနဲ့ အချိန်ကုန်၊ ငွေကုန်ကြေးကျခံပြီး အဆင့်ဆင့်ပြုလုပ်ရပါသေးတယ်။

“ပထမဆုံးအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးဆီကနေ ထောက်ခံစာယူရပါတယ်။ ပြီးရင် မြို့နယ်အုပ်ချုပ်ရေးရုံးကနေ ထောက်ခံစာတစ်စောင်၊ ဆေးရုံမှာ ဆေးစစ်ပြီး သွေးအမျိုးအစားနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာတစ်စောင်၊ မြို့နယ်အဆင့်ပြီးရင်တစ်ခါ ခရိုင်အုပ်ချုပ်‌ရေးရုံးကို ထပ်သွားပြီး ခွင့်ပြုချက်ရမှ ခရိုင်လဝကရုံး ကို ထပ်သွားပြီး ခွင့်ပြုချက်ရဖို့ ထပ်လျှောက်ရတယ်” လို့ သူကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကိုဇေယျာလင်းက ပြောပြပါတယ်။

အဲဒီလိုပုံစံ ၄ ရဖို့အတွက် ခွင့်ပြုချက်ရဖို့ကနေ အနည်းဆုံး တစ်ပတ်ကနေ နှစ်ပတ်ခန့်အထိ စောင့်ရသလို အကြောင်းပြချက် အမျိုးမျိုးနဲ့ ခွင့်ပြုချက်ရဖို့ ငြင်းခံရတဲ့သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုံစံ ၄ လျှောက် ထားမယ့်သူက NIC ကတ်လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိရင်လည်း ခရီးသွားလာခွင့်မရသလို တက္ကသိုလ် တက်ရောက်ခွင့်လည်း မရနိုင်ပါဘူး။

ဒီလိုစိန်ခေါ်မှု အခက်ခဲတွေကြောင့်ပဲ ရိုဟင်ဂျာကျောင်းသား အများအပြားဟာ ပညာရေးနယ်ပယ်ထဲကနေ စွန့်ခွာခဲ့ကြရပါတယ်။

တဖြည်းဖြည်းနဲ့ သူတို့တွေဟာ ပညာရေးနဲ့ဝေးကွာသွားပြီး ပြင်ပမှာ အလုပ်အကိုင်တွေ ရှာဖွေလုပ်ကိုင်းရင်း ဘဝကိုရုန်းကန်နေကြရတာပါ။

သူတို့ရဲ့ဘဝ မျှော်မှန်းချက်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ကျောင်းတက်ခွင့်ရဖို့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတဲ့ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူငယ်တွေ ပညာသင်ကြားခွင့်ရဖို့က အခက်ကြုံနေရသလို ၂၀၁၇ ခုနှစ်မှာ မြန် မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီထွက်ပြေး ခိုလှုံခဲ့ကြရတဲ့ ရိုဟင် ဂျာဒုက္ခသည်တွေထဲမှာလည်း ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ရိုဟင်ဂျာလူငယ်တွေ သောင်းနဲ့ချီရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာလူငယ် ကိုကိုနိုင် ကတော့ သူတို့အနေနဲ့ ပြည့်သိပ်ကြပ်ညှပ်နေတဲ့ ဒုက္ခသည်စခန်းထဲ နေထိုင်ဖို့အတွက် ရထားတဲ့ ယာယီအမိုးအကာအောက်မှာ ပညာသင်ကြားခွင့်ဆိုတာ အိပ်မက်တောင်မက်လို မရတဲ့အရာမျိုးဖြစ်တယ်လို့ ပြောပြပါတယ်။

“ကျွန်တော်တို့အတွက်ကတော့ ပညာသင်ခွင့်ရဖို့ မပြောပါနဲ့။ စားသောက်နေထိုင်ရေးအတွက်ကိုတောင် ဘယ်နေ့ငတ်သေမလဲဆိုပြီး စိုးရိမ်မှုတွေနဲ့ နေ့စဉ်ရှင်သန်နေရတာပါ။ ဒုက္ခသည်စခန်းထဲမှာလည်း လူကုန်ကူးမှု အန္တရာယ်တွေ၊ လက်နက်နဲ့ မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုမှုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အချင်းချင်း အားပြိုင်မှုတွေကြား နေ့စဉ် အသက်ဆုံးရှုံးနေရတဲ့ လူငယ်တွေလည်း အများကြီး‌ရှိနေတယ်” လို့ သူက ဆိုပါတယ်။

မသေရုံတမယ် စားဖို့ရထားတဲ့ ရိက္ခာလေးတွေနဲ့ အဆင်ပြေအောင် ကြိုးစားရုန်းကန်ရင်း တခြားအခွင့်အရေးတွေအတွက် တွေးတောင်မတွေးရဲတဲ့ အခြေအနေမျိုးတွေနဲ့ အားလုံးရင်ဆိုင်နေကြရတယ်လို့ သူက ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ မဖြစ်ခင် လူမျိုးစုအချင်းချင်းကြား သဟဇာတဖြစ်နေခဲ့စဉ်က ရိုဟင်ဂျာလူမျိုးစုတွေထဲမှာလည်း အဆင့်မြင့်အစိုးရဝန်ထမ်းအဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရှေ့နေတွေ၊ အင်ဂျင်နီယာ တွေ၊ ဆရာဝန်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေပါ အများအပြားရှိနေခဲ့တာပါ။

နဝတအစိုးရလက်ထက်မှာတော့ ရည်ရွယ်ချက်ရှိစွာနဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ခံရမှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး လူမျိုးစုတွေကြားမှာ အမုန်းတရားတွေ ကိန်းအောင်းလာပါတယ်။

နောက်ပိုင်းမှာတော့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာ၊ ပညာသင်ကြားခွင့်တွေ ပိတ်ပင်ခံရလာရတဲ့ ဖြစ်စဉ်တွေအထိ ဖြစ်လာခဲ့ရတာပါ။

“အန်တီတို့တုန်းကတော့ ရိုဟင်ဂျာရယ်၊ ရခိုင်ရယ်လို့တော့ ခွဲခြားမှု မရှိခဲ့ပါဘူး။ ကျောင်းတွေမှာ အတူတူ စာသင်ခဲ့ကြတာပေါ့။ အဲဒီအချိန်တုန်းက လူမျိုးစုနှစ်စုက ချစ်ချစ်ခင်ခင်နဲ့ နေခဲ့ကြပြီး အမုန်းတရားတွေ ဘာတွေ မရှိခဲ့ကြပါဘူး။ အန်တီတို့ဆိုရင်လည်း ရခိုင်တွေနဲ့အတူ တစ်ကျောင်းထဲမှာ ပညာသင်ကြားခဲ့တာပါ။ အဲဒီအချိန်တုန်းက အရာအားလုံးတန်းတူ အခွင့်အရေးရခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ဦးခင်ညွန့် လက်ထက်ရောက်တော့မှ အမုန်းတရားတွေဖြစ်လာပြီး အရာအားလုံးပြောင်းလဲသွားခဲ့ရတယ်” လို့ ဘူးသီးတောင်မြို့နယ်မှာ မူလတန်းပြကနေ အထက်တန်းပြအထိ ဆယ်နှစ်ကျော် ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါ်ခင်လှက ပြောပြပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရတဲ့ ရခိုင်လူငယ်တွေအနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြား မသမာတဲ့လူတစ်စုရဲ့ မှိုင်းတိုက်မှုတွေကြောင့် ရိုဟင်ဂျာလူမျိုးစုတစ်ခုလုံးကို ကြောက်ရွံ့ မုန်းတီးနေခဲ့တယ်လို့လည်း ရခိုင်လူငယ်တချို့က ပြောပြပါတယ်။

ဒီလိုပဋိပက္ခ အခြေအနေတွေကို နှစ်အတော်ကြာ ဖြတ်ကျော်ခဲ့ပြီးတဲ့နောက်မှာတော့ လူမျိုးစုနှစ်စုရဲ့ ပေါင်းစည်း ညီညွတ်နိုင်မှသာ ရခိုင်ပြည်နယ်အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ရရှိနိုင်မယ်လို့ ကိုဇေယျာလင်း နဲ့ ကိုမင်းကိုအောင် တို့လို နှစ်ဖက်လူငယ်တွေက ယုံကြည်ထားကြပါတယ်။

စစ်တွေမြို့က ရခိုင်တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ မလှလှ ကတော့ လူမျိုးစုတစ်စုနဲ့ တစ်စုကြား သဟဇာတဖြစ်ဖို့၊ အမုန်းတရားတွေ ချေဖျက်နိုင်ဖို့အတွက်က ပညာရေးဟာ အဓိကကျတာမို့ လူမျိုးစုနှစ်စုက လူငယ်တွေဟာ သဟဇာတဖြစ်စွာနဲ့ နေထိုင်ဖို့လိုတယ်လို့ ပြောပါတယ်။

“ငယ်ငယ်က နားမလည်သေးတော့ မွတ်စလင်တွေဆိုရင် မုန်းစရာ၊ ကြောက်စရာလိုပဲ မြင်ခဲ့မိတယ်။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းလူမှုရေးလုပ်ငန်းတွေ၊ ပရဟိတတွေ လိုက်လုပ်ပြီး သေချာထဲထဲဝင်ဝင် လေ့လာတော့မှပဲ မွတ်စလင်တွေ ဖိနှိပ်ခံရတာ၊ လူ့အခွင့်အရေး ဆုံးရှုံးနေကြတာတွေကို သိလာခဲ့ရတယ်။ ကျွန်မအနေနဲ့ကတော့ သူတို့တွေဟာ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်တွေထက် လူသားချင်းစာနာ‌ထောက်ထားမှုအနေနဲ့ သူတို့ဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ တန်းတူပညာသင်ကြားခွင့်လောက်ကတော့ ရသင့်တယ်” လို့ သူက သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရခိုင်ကျောင်းသားသမဂ္ဂလို ကျောင်းသားခေါင်းဆောင်အဖွဲ့တွေထဲမှာ ရိုဟင်ဂျာလူငယ်တွေပါသလို ရက္ခိုင့်တပ်တော်ထဲမှာလည်း ရိုဟင်ဂျာတွေပါဝင် တိုက်ပွဲဝင်နေတာကြောင့် သူတို့တွေဟာလည်း ရခိုင်ပြည်နယ်ကို အကျိုးပြုသူတွေဖြစ်တယ်လို့ သူမက လက်ခံထားပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်ချိန်တိုက်ပွဲကာလတွေ ပြီးဆုံးပြီး နယ်မြေတည်ငြိမ်လာတဲ့အချိန် ရက္ခိုင့်တပ်တော်အနေနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ မွတ်စလင်တွေကိုလည်း တန်းတူအခွင့်အရေးရရှိ‌အောင် လုပ်ဆောင်ပေးပါမယ်လို့ ပြောခဲ့တဲ့အတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ တန်းတူအခွင့်အရေးရဖို့အတွက် ဒေါ်ခင်လှ၊ ရိုနေဆန်းလွင် တို့လို ရိုဟင်ဂျာခေါင်းဆောင်တွေက မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။

ကျောင်းဆရာမ ဒေါ်ခင်လှ၊ တက္ကသိုလ်ကျောင်းသား ကိုခင်မောင်၊ ကိုဇေယျာလင်း တို့လို ရိုဟင်ဂျာကျောင်းသားတွေကလည်း ရခိုင်ပြည်ကြီးငြိမ်းချမ်းဖို့နဲ့ ကျောင်းသူကျောင်းသားတိုင်း ပညာသင်ကြားခွင့်ဆုံးခန်းတိုင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။

လူမျိုးစုနှစ်စုကြား ပဋိပက္ခတွေ အားလျော့သွားခဲ့ပေမယ့်လည်း ၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ ဂယက်ကြောင့် စစ်မီးတောက်လောင်နေပြီး ပဋိပက္ခတွေပြန်လည်ခေါင်းထောင်လာမှာကိုလည်း ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြသူတွေက စိုးရိမ်နေကြပါတယ်။

ဒီအခြေအနေတွေကြား ပညာသင်ယူခွင့်ကတော့ ထင်သလောက်ခရီးမပေါက်တော့ပါဘူးလို့ ကိုဇေယျာလင်း က အခုလို ပြောဆိုလိုက်ပါတယ်။

“လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲပဋိပက္ခတွေကြားမှာ ရခိုင်ပြည်သူတစ်ရပ်လုံး အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေကြရပါတယ်။ ရိုဟင်ဂျာ‌လူမျိုးစုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကလည်း အများကြီးပဲ။ ဒီကြားထဲက ပညာသင်ယူခွင့်ဆိုတာကတော့ မျှော်တိုင်းဝေးနေဦးမှာပါပဲ”

ဒန်းနစ်ဖြိုး

Leave a Reply

Your email address will not be published. Required fields are marked *