Spread the love

ရန်ကုန်၊ ဩဂုတ် (၇)

နွေဦးတော်လှန်ရေးတိုက်ပွဲဟာ စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲဖြစ်ပြီ လူတွေကို တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို တော်လှန်ရေးရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ကထောက်ပြပါတယ်။

“စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပြည်သူတွေရဲ့ သွေးတွေ ထပ်မစွန်းပါစေနဲ့ စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတစ္ဆေမကြောက် နာခံနေခြင်းဟာ စစ်ကောင်စီလက်အောက်ခံတွေရဲ့ အသက်တွေ၊ ဘဝတွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုပါတယ် လို့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။

“ဒါကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကို နာခံပါ။ အချိန်မနှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ပြောင်းလဲပါ။ ဒါကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊ စကခ၊ ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက်ဖြစ်စေ ပြည်သူ့အစိုးရ NUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ပါ။ (ကျွန်တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။)” လို့ သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *